ရန်ကုန်   ဒီဇင်ဘာ   ၁၁

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ တိင်္ဂုတ္တရကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်တော်မူသော လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် ရင်ပြင်တော် သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့က စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများက ရင်ပြင်တော်တစ်လျှောက် တံမြက်စည်းလှည်းခြင်း၊ ဆီးမီးပူဇော်သည့် ခုံများနှင့် အမှိုက်ခြောက်၊ အမှိုက်ဆိုများအား စုပေါင်းသန့်ရှင်းရေးပြုလုပ်၍ ကုသိုလ်ယူ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု အားပေးကြပြီး ရင်ပြင်တော်တစ်ပတ် ကြည်ညိုရာ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေမှု၊ စေတီတော်ရင်ပြင် သန့်ရှင်းသာယာ လှပစေရေးနှင့် ဘုရားဖူးလာပြည်သူများ အေးအေးချမ်းချမ်း လာရောက်ဖူးမြော် ကြည်ညိုနိုင်ရေး ဆောင်ရွက်နေမှုများကို ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ရှင်းလင်းတင်ပြကြသည်။

လေးဆူးဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ် နံနက် ၅ နာရီမှ ည ၆ နာရီအထိ ဖွင့်လှစ်ထားရှိပြီး၊ စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက် (နေ့ထူးနေ့မြတ်)များတွင် နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ထားပြီး ဘုရားဖူးလာ ပြည်သူများကလည်း အေးအေးချမ်းချမ်း လာရောက်ဖူးမြော်လျက်ရှိကြောင်း ရွှေတိဂုံ စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

နိုင်လင်းကျော်(ပြန်/ဆက်)