ရန်ကုန် နိုဝင်ဘာ ၁၈

 

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။ 

 

ဦးစွာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဂေါပကအဖွဲ့တို့က ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 

 

ထို့နောက် နိုင်ငံတာ်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စမ်းချောင်းမြို့နယ် နေနတ်သား ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသုစိတ္တထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တော်များ နာယူကြည်ညိုကြသည်။ 

 

ယင်းနောက် ဒုတိယဝန်ကြီးက အနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားရာ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းကို ဆရာတော်ကြီးများထံ ဩဝါဒခံယူခဲ့ပြီး စက်တင်ဘာ ၁၉ ရက်မှစတင်၍ ဝါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကာ ယခု ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်သွားမည် ဖြစ်ပါကြောင်း၊ အောက်တိုဘာ ၃၁ ရက်အထိ ရွှေစင် ၆ ကျပ်သား ၄၆၇ ချပ်၊ ရွှေစင် ၁ ကျပ်သား ၄၂၇၂ ချပ် စုစုပေါင်း ၄၇၃၉ ချပ် အလှူရရှိထားပြီး ရထားပျံပေါ်သို့ အလှူရှင်များကိုယ်တိုင် တင်လှူပူဇော်နိုင်စီစဉ်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှောက်ထားသည်။

 

ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးတို့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ သ.စ.အ ဓမ္မာစရိယ ဝဋံသကာပါဠိပါရဂူ စေတိ ယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု ဘဒ္ဒန္တနာရ ဒါဘိဝံသ(လှရတနာဆရာတော်) ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များသည် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ပင့်ဆောင်၍ ရွှေတိဂုံစေတီတော် ရင်ပြင်တော်အား လက်ျာရစ်တစ်ပတ် လှည့်လည်ပူဇော်ပြီး ပန်းရထားပျံဖြင့် တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မင်းလတ်(သတင်းစဉ်)