mdn

နေပြည်တော် ၁၉ အောက်တိုဘာ

 

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းဆိုင်ရာ နည်းပညာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၁၈၉၉ ခုနှစ်မှစတင်ပြီး ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခဲ့ပါကြောင်း၊ ၁၉၈၀ - ၁၉၈၁ ခုနှစ်မှစတင်၍ ရွှေသင်္ကန်းတော်များ၏ တည်မြဲမှုကာလအပေါ်မူတည်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၅ နှစ်တစ်ကြိမ် ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေများ ကပ်လှူပူဇော်ခဲ့ပါကြောင်း၊ ရွှေစင်ရွှေသားများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်နှင့် အလှူရှင်များ လှူဒါန်းထားသော ရွှေစင်ရွှေပြားများ အရည်အသွေးမြင့်မားပြီး သက်တမ်းရှည်ကြာ တည်တံ့စေရန် ရည်မှန်းချက်တို့ဖြင့် ရွှေစင်ပြား၊ ရွှေလွှာတင်နှင့် ရွှေမျက်ပါးတို့၏ နည်းစဉ်များ၊ ၎င်းတို့ကို ကပ်သည့်ကော်နှင့်ပတ်သက်၍ သုတေသနပြုလုပ်နိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ယခုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ စာတမ်းရှင်များနှင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် လုပ်ငန်းရှင်များအနေဖြင့် ရွှေသင်္ကန်းတော်ကပ်လှူခြင်းဆိုင်ရာ နည်းပညာရပ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းဖြင့် ရလဒ်ကောင်းများရရှိအောင် ဦးတည်ကြိုးပမ်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြား ကပ်လှူပူဇော်မှုအခြေအနေနှင့် ဘယ်ဂျီယံနိုင်ငံမှ Professor Herman Terryn က Making Use of advanced analytical tools to understand degradation of metals in cultural heritage ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားကြပြီး ပြည်တွင်းပြည်ပ ပညာရှင်များက ရွှေတိဂုံစေတီတေ် ရွှေသင်္ကန်းကပ်လှူခြင်းဆိုင်ရာ နည်းပညာရပ်များကို ဆွေးနွေးတင်ပြကြသည်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီး ကြည်ညိုသပ္ပါယ်စွာဖူးတွေ့နိုင်ရေး ရွှေသင်္ကန်းကပ်လှူခြင်းဆိုင်ရာ နည်းပညာများဖလှယ်နိုင်စေရန်၊ ပြည်တွင်းပြည်ပမှ ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် ဆက်နွယ်သည့် သိပ္ပံနှင့် နည်းပညာရပ်များတွင် ဘာသာရပ်အလိုက် ကျွမ်းကျင်သူပညာရှင်များ၏ စာတမ်းဖတ်ကြား ဟောပြောဆွေးနွေးပို့ချမှုများကို ကြားနာခွင့်ရရှိစေရန်၊ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အထောက်အကူဖြစ်စေသော နည်းပညာများရရှိစေရန် ရည်ရွယ်ချက်များဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကဦးစီးပြီး ပညာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ နည်းပညာအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။

 

ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ပညာရှင်များ တက်ရောက်ကြသည်။

 

သတင်းစဉ်

 

mdn

 

mdn