နေပြည်တော် ၂၀ အောက်တိုဘာ
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ ခန်းမ၌ ဆက်လက်ကျင်းပသည်။
အခမ်းအနားတွင် ရွှေလွှာတင်ခြင်းနည်းပညာ၊ လျှပ်စစ်သုံးရွှေလွှာနည်းပညာ၊ ရွှေစင် ပြားနှင့် မျက်ပါးရွှေကပ်ခြင်းနည်းပညာ၊ ရွှေစင်ပြားနှင့် မျက်ပါးရွှေထုတ်လုပ်ခြင်းနည်းပညာ၊ ရွှေပြားကပ်သည့်နေရာ၌ အသုံးပြုသော ပစ္စည်းများအပေါ်တွင် ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင်သက်ရောက်မှု ခေါင်းစဉ်များဖြင့် စာတမ်းရှင်များက ဖတ်ကြားခြင်းနှင့် တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း နည်းလမ်းများသည် အလွန်သိမ်မွေ့ပြီး ယခုအချိန်မှာ ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း နည်းစနစ်များကို အဆင့်မြှင့်တင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ပနိုင်ငံခြားသား စာတမ်းရှင် ၄ ဦး အပါအဝင် စာတမ်းရှင် ၂၅ ဦးတို့က စေတီတော်၏ အောက်ခံကြေးပြားနှင့် ရွှေပြားကြားတွဲစပ်ကပ်ရာတွင် အသုံးပြုသည့်ကော်၏ တွဲစပ်စွဲမြဲမှုနည်းပါးခြင်းနှင့် နှစ်ကာလအနည်းငယ်အတွင်း ကွာကျမှုများကြောင့် အဆင့်မြင့်ကော်များနှင့် နည်းပညာမြင့်ကော်ကပ်ခြင်းများကို လုပ်ဆောင်သင့်သည်ဟု ဆွေးနွေးခဲ့ကြပါကြောင်း၊ ထို့အပြင် သတ္တုများကို ကော်ကပ်ခြင်း၊ စွဲမြဲခြင်း၊ ရွှေ နှင့်ပတ်သက်သည့် ပေါ်လီမာများကို အသုံးပြုခြင်း၊ ရွှေရည်၊ သတ္တုရည်စိမ်ခြင်းများ နှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာများ၊ ကြေးနီများနှင့် ပတ်သက်၍ လျှပ်စစ်စီးဝင်နိုင်သော ရွှေရည်စိမ်ခြင်းပညာ စသည့်တို့ကို စာတမ်းရှင်များမှ ဖတ်ကြားဆွေးနွေးခဲ့ကြသော အကြောင်းအရာများသည် တန်ဖိုးရှိပြီး အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။
သတင်း - ဉမ္မာသန့်၊ ဓာတ်ပုံ - ရဲထွဋ်


