ရန်ကုန် ဇန်နဝါရီ ၂  

 

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၄)ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

 

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးတင်ဝနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၀င်များက လက်ခံရယူကြပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၀င်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တသုစိတ္တထံမှ အခမ်းအနားသို့ တက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။

 

ယနေ့ ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်ရွှေစင်ရွှေပြား အလှူရှင် (၂၇)ဦးက ရွှေပြားအချပ် (၃၀)ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၁၀၄)ဦး အပါအ၀င် လှူဒါန်းငွေ စုစုပေါင်း ကျပ် ၂၅၇၂၃၅၅၀၅၉ ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်