ရန်ကုန် ဇူလိုင် ၂
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းကြပြီး အလှည့်ကျ သဘာပတိနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၀င်များက လက်ခံကြကာ ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ ပါဠိပါရဂူ၊ စေတိယင်္ဂဏ ပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသထံမှ တက်ရောက် လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရား နာယူကြသည်။
ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲတွင်၂၀၂၄ ခုနှစ် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် (၂၇)ဦးက ၆ ကျပ်သားရွှေပြား ၄ ချပ်၊ ၃ ကျပ်သားရွှေပြား ၁ ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၂၇ ချပ် စုစုပေါင်း ရွှေစင်ရွှေပြား ၃၂ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၁၃၀) အပါအ၀င် လှူဒါန်းငွေ စုစုပေါင်းငွေကျပ် သိန်းပေါင်း တစ်သောင်း ကိုးထောင် လေးရာ တစ်ဆယ့် လေးသိန်း ရှစ်သောင်း ကိုးထောင်ကိုးရာ ကိုးဆယ် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


