ရန်ကုန် မေ ၉

 

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့် အထက်အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြိမ် (၅၈၀)မြောက် ထုတိ အနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုဒ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးထိန်ဝင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂသာမိထံမှ အခမ်းအနားသို့ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ရေစက်ချ အနုမောဒနာတရားနာယူကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်ရွှေပြား အလှူရှင်(၂၆)ဦးက ‌ရွှေပြား အချပ် (၃၀)လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၆၄)ဦး အပါအဝင် လှူဒါန်းငွေ စုစုပေါင်း ၁၇၉၄၂၃၉၅၃၉ ကျပ် (ကျပ်သိန်းပေါင်း တစ်သောင်း ခုနှစ်ထောင် လေးဆယ့် နှစ်သိန်း သုံးသောင်း ကိုးထောင် ငါးရာ သုံးဆယ့်ကိုး) တိတိဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)