ရန်ကုန်   နိုဝင်ဘာ   ၂၄

 

 

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏​ ရင်ပြင်တော် ချမ်းသာကြီးတန်ဆောင်းတွင် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

 

 

အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် သာကေတမြို့နယ် တိပိဋကာင်္လကာရကျောင်း ဦးစီးပဓာန နာယက ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

 

ဆက်လက်၍ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် တိပိဋကသြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) အရှင်သူမြတ်ထံမှ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သူ၊ နာကြားသူ စိတ်ထားသြဝါဒကို ခံယူကြသည်။

 

 

ယင်းနောက် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက မဟာပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော်ကို စုပေါင်းသံပြိုင်ရွတ်ဆိုပူဇော်ပြီး အလှည့်ကျပဌာနဘာဏက သံဃာတော်က မဟာပဋ္ဌာန်းပါဠိတော်ကို ဆက်လက်ရွတ်ဆို ပူဇော်သည်။ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၈ ရက်အထိ ငါးရက်ကြာ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

 

 

ဆန်းကျော်ဦး(ပြန်/ဆက်)