ရန်ကုန် ဩဂုတ် ၁၉

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါခေါင်လပြည့် (မေတ္တာ အခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ မေတ္တာအခါတော်နေ့ အခမ်းအနားများကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အခမ်းအနားများကို ယနေ့ နံနက် ၅ နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်း အဖွဲ့ဝင်များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ကပ်လှူပူဇော်ကြသည်။

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အသံမစဲမေတ္တာပို့ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက စိန်ရောင်ခြည်ဘုရားပင့် ဂါထာတော်ဖြင့် ဘုရားရှင်ကိုပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေတိဂုံ ဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှန်းဂါထာ ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်း၊ ကမ္ဘာသူကမ္ဘာသား၊ ဝေနေယျ သတ္တဝါအပေါင်းတို့အား စုပေါင်း မေတ္တာပို့သခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်စတင်၍ ပန်းပေါင်း (၈၄၀၀၀)ဖြင့် ဆင်ယင်ပူဇော်ထားသည့် ပန်းစေတီများ လှည့်လည်ပူဇော်ပွဲ အခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ပန်းစေတီများပင့်ဆောင်၍ ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူတို့အား ရည်မှန်းပူဇော်သည့်အနေဖြင့် အရှေ့ဘက် အာရုံခံမုခ်ဦးအတွင်းရှိ ကကုသန္ဓရုပ်ပွားတော်၊ တောင်ဘက်အာရုံခံ မုခ်ဦးအတွင်းရှိ ကောဏာဂမနရုပ်ပွားတော်၊ အနောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကဿပ ရုပ်ပွားတော်၊ မြောက်ဘက် အာရုံခံမုခ်ဦးအတွင်းရှိ ဂေါတမရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ဗုဒ္ဓဝေယျာဝစ္စ အသင်းများကလည်းကောင်း၊ အထက်ပစ္စယံရှိ ပတ္တမြား မျက်ရှင်ရုပ်ပွားတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများကလည်းကောင်း ပန်းစေတီများ ကပ်လှူ ပူဇော်ကြသည်။

ဆက်လက်၍ ဝါတွင်းသီလခံယူပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချ အနုမောဒနာအခမ်း အနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာကေတမြို့နယ် တိပိဋက လင်္ကာရ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒွိပိဋကဓရ ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက န၀င်္ဂသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဂေါပက အဖွဲ့ဝင်များ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် သာကေတမြို့နယ် တိပိဋကလင်္ကာရ ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဂေါပကအဖွဲ့၀င်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) သက်လွှတ်ပွဲနှင့် ဓမ္မပူဇာ မင်္ဂလာသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ စေတီတော်ဂေါပကရုံး၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်း၊ သမ္မာသမ္ဗုဒ္ဓသုံးလောကထွတ်ထား မြတ်စွာဘုရားကို ပင့်လျှောက်ခြင်းနှင့် ကမ္ဘာအေးဘုရားရှိခိုးဖြင့် ပူဇော်ကန်တော့ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် စေတီတော်ဂေါပကအဖွဲ့အဖွဲ့၀င် ဦး၀င်းမြင့်က မေတ္တာအခါတော်နေ့ မေတ္တသုတ်ဓမ္မပူဇာ မင်္ဂလာ ထောပနာအား မြွတ်ကြား၍ ဝတ်အသင်းအဖွဲ့များက မေတ္တသုတ်အမွှန်းနှင့် မေတ္တသုတ်ပါဋိတော်များကို ရွတ်ဆိုခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်းခြင်း၊ မေတ္တာပို့ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။ ဆက်လက်၍ သက်လွှတ်ပွဲကိုကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များက စေတီတော်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ငှက်များကို ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ - ဇော်မင်းလတ်(MNA)