ရန်ကုန် ‌      နိုဝင်ဘာ      ၄

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ ပါဝင်သော (၁၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရာဟုထောင့် အောက်ပစ္စယာရှိ မဟာဗုဒ္ဓဝင်ပြခန်းတွင် ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် စေတီတော်ကြီး ဝတ္ထုကံမြေရှိ ကျောင်းတိုက်များမှ ပင့်သံဃာတော်

များအား အရုဏ်ဆွမ်း ကပ်လှူခြင်း၊ နံနက် ၇ နာရီတွင် ဌာနအလိုက် ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စ အသင်းများက ပဒေသာပင်များဖြင့် စေတီတော်ကြီးတစ်ပတ် လက်ယာရစ်လှည့်လည် ပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် ရေစက်ချအခမ်းအနားကို မဟာဗုဒ္ဓဝင်ပြခန်းတွင် ကျင်းပရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ တက်ရောက်ကုသိုလ်ယူကြသည်။

 

အခမ်းအနားတွင် ဘီအိုစီပိဋကတ်တိုက်ကျောင်း ဆရာတော်အား ကထိန်လျာဉာတ်သင်္ကန်းနှင့် ပဒေသာပင်တို့အား အလှည့်ကျသဘာပတိ ဦးဘိုးသင်းနှင့် ဂေါပကအဖွဲ့ဝင် ဦးတင်ဝတို့က ဆက်ကပ်လှူဒါန်းကြပြီး ဝတ္ထုကံမြေအတွင်းရှိ ကျောင်းတိုက်များမှ ပင့်ဖိတ်ထားသည့် သံဃာတော်များအား ပဒေသာပင်များ မဲဖောက်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)