၇ ဖေဖော်ဝါရီ

 

ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ကကြီးမှူးပြုလုပ်သည့် (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲ ပွဲတော်ကို ယနေ့ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ် အောက်ပစ္စယာအာဇာနည်လမ်းရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော်၏ ဘာသာရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များ၊ မိတ်ဖက်အသင်းများနှင့် ဂေါပကအဖွဲ့ရုံးဌာနများမှ အသင်း  ၃၆ သင်း ပါဝင်ထမနဲထိုးကြကြောင်း သိရသည်။

 

၎င်းထမနဲပွဲတော်မှ ရရှိသည့် ထမနဲများဖြင့် ဖေဖော်ဝါရီ ၈ ရက်၊ တပို့တွဲလပြည့်နေ့ (သြဝါဒပါတိမောက် အခါတော်နေ့) နံနက် ၅ နာရီတွင် စေတီတော်ကြီးအား ထမနဲဆွမ်းတော်ကြီး ကပ်လှူကြမည်ဖြစ်သည်။ ထို့နောက် နံနက် ၅ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တန်ဆောင်း၌ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်းကိုလည်းကောင်း၊ နံနက် ၆ နာရီတွင် ရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်းမှ စတင်ကာ ဘုရားအမှူးပြုသောသံဃာတော် ၆၂ ပါးတို့အား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။

 

mdn

 

ယင်းနောက် နံနက် ၇ နာရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တန်ဆောင်း၌ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် အနုမောဒနာတရားဟောကြားခြင်းများ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

 

ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားတို့သည် မိမိတို့၏လယ်ယာမြေမှထွက်ရှိသော အဦးအဖျားစပါးဆန်များဖြင့် ဗုဒ္ဓမြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်များအား ထမနဲထိုး လှူဒါန်းသော ရိုးရာဓလေ့ရှိကြသည့်အတွက် ဆောင်းရာသီတပို့တွဲလရောက်တိုင်း မြန်မာ့ရိုးရာအစားအစာဖြစ်သော ထမနဲကိုလှူဒါန်းလိုခြင်း၊ စားသုံးလိုခြင်း၊ လက်ဆောင်ပေးလိုခြင်းများ ဖြစ်ပေါ်လေ့ရှိကြသည်။ မြန်မာလူမျိုးတို့၏ ထမနဲထိုးသော ရိုးရာဓလေ့ကို ထိန်းသိမ်းဖော်ဆောင်သောအားဖြင့် ရွှေတိဂုံစေတီတော်တွင် မြတ်စွာဘုရားအား ထမနဲဆွမ်းတော်ကြီး ကပ်လှူခြင်း၊ ဘုရားအမှူးရှိသော သံဃာတော်များအားထမနဲနှင့် အခြားလှူဖွယ်ပစ္စည်းများဖြင့် ဆွမ်းတော်ကြီးလောင်းလှူခြင်း၊ ဘုရားဖူးအလှူရှင်များအား ထမနဲဝေငှလှူဒါန်းခြင်း အစရှိသော ကောင်းမှုကုသိုလ်များဖြင့် ထမနဲထိုးပွဲတော်ကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- ကိုကိုဇော်