ရန်ကုန် မေ ၂၁
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မဟာသမယအခါတော်နေ့ အခမ်းအနားကို ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်နေ့ (ဇွန် ၂ ရက်၊ သောကြာနေ့)တွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ ရွှေတိဂုံစေတီတော်ရင်ပြင်၌ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ နေ့ထူးနေ့မြတ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား နံနက်အရုဏ်တက်အချိန်တွင် ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ တရားတော်များနာကြားခြင်း၊ ရေစက်သွန်းချအမျှပေးဝေခြင်း၊ မဟာသမယနေ့ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကပ္ပိလဝတ်နှင့် ကောလိယအုပ်စု နှစ်ခုခွဲ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ပြီး ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယသုတ် ရွတ်ဖတ်ပူဇော်သည့် အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို တစ်ပြိုင်တည်း တီးခတ်ခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရဟန်းရှင်လူ ပြည်သူများ ပါဝင်ကုသိုလ်ပြုနိုင်ပါရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က နှိုးဆော်ထားကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)