ရန်ကုန် ဇွန် ၁၈
ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များစုပေါင်း၍ ဆရာ တော်သံဃာတော်အပါး (၁၀၀၀) အား ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် ရေစက်ချ အနုမောဒနာ တရားနာယူခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဗီယက်နမ် ဆရာတော်များ၊ ပင့်သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မှုကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ၊ ရက္ခိတ စွမ်းအား ပရဟိတအဖွဲ့မှအလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ချီးမြှင့်တော် မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြကာ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်း ကြသည်။
ဆက်လက်၍ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တက္ကန္ဒပါလ(ရမ္မဝတီ) ဆရာတော်ထံမှ သာရဏီယဩဝါဒကထာ နာယူကြသည်။
ယင်းနောက် ဗီယက်နမ်နိုင်ငံမှ သံဃာတော်ဦးသမ္မာဒိဌိနှင့် ရက္ခိတစွမ်းအား ပရဟတိအဖွဲ့ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင် ဦးဝင်းမောင်မောင် က ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားသည်။
ထို့နောက် ဗီယက်နမ်နိုင်ငံမှ ဆရာတော် ဦးသီလဂုဏထံမှ ဧည့်ပရိတ်သတ် များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ တိပိဋကဓရ ဆရာတော်ကြီးများ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဗီယက်နမ်ဆရာတော်များနှင့် ပင့်သံဃာတော် စုစုပေါင်းအပါး (၁၀၀၀)တို့်အား ရင်ပြင်တော်တောင်ဘက် ဗဟိုမဏ္ဍပ်မှစ၍ ဆွမ်းတော်ကြီး လောင်းလှူခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
အခမ်းအနားအပြီးတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ နိုင်ငံ တော်သံဃ မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ တိပိဋကဓရဆရာတော် ကြီးများ၊ ဗီယက်နမ်နိုင်ငံမှ ဆရာတော်များအား ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းကြသည်။
ညပိုင်းတွင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တက္ကန္ဒပါလ (ရမ္မဝတီ) ဆရာတော်ဦးဆောင်၍ ဗီယက်နမ်နိုင်ငံမှအလှူရှင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး (၁၀၀၀၀)ထွန်းညှိပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုဇော်(MNA)