ရေတွင်းဟောင်းဆယ်ယူသူ အောက်ဆီဂျင်ပြတ် မူးလဲသဖြင့်  ကူညီရန် ရေတွင်းသို့ဆင်းသူ နှစ်ဦးသေဆုံး

မတ္တရာ ၂၆ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဝသုန္နရကျေးရွာတွင် ယနေ့နံနက်က ရေတွင်းဟောင်း ဆယ်ယူရာမှ နှစ်ဦးသေဆုံးပြီး တစ်ဦးမူးမေ့လဲ သွားခဲ့ကြောင်းသိရသည်။

 

ဖြစ်စဉ်မှာ ဝသုန္နရကျေးရွာနေ ဒေါ်ဌေး၏ နေအိမ်အနောက်ဘက်ရှိ  အကျယ် ၃ပေ ၃လက်မ အနက် ၂၄ပေရှိ ရေတွင်းဟောင်းအား နေလင်းထွန်း(၁၈)နှစ် ချောင်းကြီးကျေးရွာ သပိတ်ကျင်း မြို့နယ်နေသူမှ တူးဖော်ရန် ဆင်းသွားခဲ့ရာ ရေတွင်းအောက်ခြေသို့အရောက်၌ အောက်ဆီဂျင်ပြတ်ပြီး မူးမေ့လဲသွားသဖြင့် ထွဋ်ခေါင်အောင်(၁၈)နှစ်နှင့် ကိုကြက်(ခ) မြင့်နိုင်ကျော်(၂၆)နှစ်တို့မှ ရေတွင်း အတွင်းဆင်းကာ နေလင်းထွန်းအား အပေါ်သို့ ပို့ဆောင်ပေးစဉ် ၄င်းတို့နှစ်ဦးမှာ ပြန်မတက်နိုင်ဘဲ မူးလဲနေသဖြင့် ဟန်လင်းထက်မှ ဆင်းဆယ်ရန် ကြိုးစားရာ ၄င်းကိုယ်သတိလစ်မလိုဖြစ်၍ ဆယ်ယူနိုင်ခြင်း မရှိဘဲ တွင်းပေါ်သို့ ပြန်တက်လာခဲ့ကြောင်း သိရသည်။

 

ရေတွင်းထဲတွင် သေဆုံးသွားသည့် ထွဋ်ခေါင်အောင်၊ ကိုကြက်(ခ) မြင့်နိုင်ကျော်တို့နှစ်ဦးအား ဆယ်ယူရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မိုး တို့ဦးဆောင်၍ မြို့မ ရဲစခန်းမှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုလက်ထောက်ဦးစီးမှူး ဦးထွန်းနေနွယ်နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများမှ ဝိုင်းဝန်းဆယ်တင်ခဲ့ကြရာ ၁၁နာရီ ၄၅မိနစ် အချိန်တွင် ဆယ်ယူနိုင်ခဲ့သည်။ သေဆုံးသူနှစ်ဦးအား မတ္တရာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ရေတွင်းဆယ်ယူသူ  နေလင်းထွန်းအား မတ္တရာပြည်သူ့ဆေးရုံ မှတဆင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)