ငပုတော ၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် အကောင်အထည့်ဖော် ဆောင်ရွက်ခဲ့သည့် ရေကျော် အောက် ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို မေ ၃၁ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်၊ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများက ရေတွင်းကုန်းကျေးရွာ လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်များ နှင့်အတူ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
အဆိုပါ ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း စာသင်ကျောင်းဆောင်သစ် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ စတုတ္ထနှစ်စက်ဝန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၇၀ သိန်း၊ ပြည်သူထည့်ဝင် ငွေကျပ် ၁၀ဝ သိန်း၊ စုစုပေါင်းငွေကျပ် ၂၇၀ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


