နေပြည်တော် သြဂုတ် ၂၂

 

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

 

ထိုသို့ လှူဒါန်းနိုင်ရေး ဩဂုတ် ၂၀ ရက်တွင် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဌာနအကြီး အကဲများက လိုက်လံကြည့်ရှုအားပေးကြသည်။

 

ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မျှင်ငါးပိထောင်း ဘူး ၁၀၀၀၊ မုန့် ပါကင် ၆၀၀၊ အသားတု ပဲပုတ်ကြော် ဘူး ၅၀၀၊ ငါးခြောက်ထောင်းကျော် ဘူး ၅၀၀၊ ငါးသေတ္တာ ဘူး ၅၀၀၊ ငါးပိလက်ဖက် အတွဲ ၂၀၀၊ ဆိတ်သားနှပ် ၁၃၃ ဘူး၊ ကြက်သားဟင်း ၁၂၃ ဘူး၊ ပဲဟင်း ၁၂၈ ဘူး၊ ငါးမွှေချက် ၁၁၆ ဘူး၊ ငါးကြင်းပေါင်း ၁၁၂ ဘူး၊ ငါးဆုပ် ၁၁၂ ဘူး၊ ငါးပိထောင်း ဘူး ၁၀၀၊ ဆန်ပြုတ် အထုပ် ၁၀၀၊ လက်ဖက်နှပ် အတွဲ ၅၀၊ ငါးနီတူချဉ်စပ်အတွဲ ၅၀၊ မာမား ကြက်ဆီချက် ဖာ ၄၀၊ မာမား ပုဇွန်ချဉ်စပ် ဖာ ၄၀၊ ငါးပိထောင်း ၃၆ တွဲ၊ ငါးကြင်း ပဲငပိ ၂၄ ဘူး၊ ကော်ဖီမစ် ပါကင် ၂၀၊ တီးမစ် ပါကင် ၂၀၊ ငါးကြင်းစတူး ၁၈ ဘူး၊ တူနာငါး ၁၁ ဘူး၊ ကြာဆံ ၅ ဖာ စသည့်ပစ္စည်းတန်ဖိုး ငွေကျပ်(၁၁၅)သိန်းနှင့် ငွေသား သိန်း(၁၅၀)ဖြင့် စုစုပေါင်း (၂၆၅)သိန်းကို ပေးပို့လှူဒါန်းသွားမည် ဖြစ်သည့်အပြင် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက တိုင်းပြည်အတွက် အမြဲတမ်း အဆင်သင့်ရှိပေးခဲ့တဲ့ တပ်မတော်သားများကို အမြဲဂုဏ်ယူလေးစားလျက်ပါ။ အားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းပါစေ၊ တရားသောစစ်‌အောင်မြင်ပါစေ အစရှိသည့် ဆုတောင်းမေတ္တာစာလွှာများကို ထည့်သွင်းပေးပို့ခဲ့ကြသည်။

 

အဆိုပါ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့‌ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်