စစ်တွေ စက်တင်ဘာ ၅

 

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ထမ်းမိသားစုများက လှူဒါန်းသည့် ပစ္စည်းများအား ဂုဏ်ပြုပေးအပ်ပွဲကို စက်တင်ဘာ ၄ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “ယခုပေးအပ်သည့် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို စေတနာ၊ မေတ္တာအပြည့်ဖြင့် ကြော်ချက်ထုပ်ပိုးနေသည်ကို မိမိကိုယ်တိုင် တွေ့မြင်ခဲ့ရသည့်အတွက် ယခုပေးပို့သည့် ပစ္စည်းများသည် မေတ္တာစေတနာအပြည့်ဖြင့် ပေးပို့သည့် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်ကြောင်းနှင့် တပ်မတော်သားများအားလုံး ဘုရား၊ တရား၊ မိဘ၊ ဆရာ သမားများ၏ ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း” ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လှူဒါန်းသည့် ပစ္စည်းများကိုပေးအပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ တိုင်းမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

စက်တင်ဘာ ၃ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများနှင့် လူမှုရေး အဖွဲ့အစည်းများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် အစားအစာများ ကြော်ချက်ထုပ်ပိုးနေမှုကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)တွင် ဝန်ထမ်းများက စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထုပ်ပိုးနေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် Yum Yum ခေါက်ဆွဲခြောက် အထုပ် ၂၀၀၀၊ သွားတိုက်ဆေး သွားတိုက်တံ ၅၀၀၊  premier coffee mix အထုပ် ၁၅၀၀၊ Platinum Teamix ထုပ် ၁၅၀၀၊ ORS ဓာတ်ဆားထုပ် ၅၀၀၊ မုန့်ကြွပ် ထုပ် ၅၀၀၊ ငါးနီတူခြောက် ၂၅ ပိဿာ စုစုပေါင်း တန်ဖိုးငွေကျပ် ၈၃၅၀၀၀၀ တန်ဖိုးရှိ ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်