နေပြည်တော်၊ ဩဂုတ် ၂၅

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲဝံ့စွာစွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စေတနာရှင် ပြည်သူများနှင့် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဝန်ထမ်းမိသားစုများကလည်း ပါဝင်လှုဒါန်းရန်အတွက် မွန်မြတ်သည့် စိတ်စေတနာဖြင့် စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး ကိုယ်တိုင်စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ထုပ်ပိုးနေမှုများကို ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဝန်ထမ်းမိသားစုများအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး၊ အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို ထမ်းဆောင်နေသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ဘာလချောင်ကြော်၊ ငါးနီတူခြောက်ကြော်၊ နန်းမြိုင်ကော်ဖီမစ်ထုပ်၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ်၊ လက်ဖက်အကြော်ထုပ်၊ ငါးပိ ထောင်းဗူး၊ မြေပဲဆားလှော်၊ ပုန်းရည်ကြီး စသည့်စားသောက်ဖွယ်ရာ ၁၃ မျိုးနှင့် လှူဒါန်းငွေ ကျပ်သိန်း ၅၀ အား နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။

ထို့ပြင် “ပြည်ချစ်သားမွန်၊ မေတ္တာစာသဝဏ်” စာတမ်းဖြင့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံပေးစာ စာအရေးအသားပြိုင်ပွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမ၌ ကျင်းပပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်