ပခုက္ကူ  ၂၂  ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ရွှေတန့်တစ်လျှပ်စစ်မြစ်ရေတင်မှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးသီးနှံ စိုက်ခင်း ဧက(၁၀၀၀) စိုက်ပျိုးနိုင်ရေးအတွက် အလှည့်ကျစနစ်ဖြင့် ရေပေးဝေလျက်ရှိကြောင်း ပခုက္ကူခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရွှေ့တန့်တစ်လျှပ်စစ်မြစ်ရေတင်ဖြင့် ရွှေတန့်တစ်စံပြ၊ဆင်မင်း၊ကွန်းရွာ၊ ဒေါင်းစား၊ နှောကုန်း၊ ဘုရားကုန်း၊ မကျီးပင်ပု၊ နန်းတဲကျေးရွာတို့တွင် မိုးစပါးစိုက်ခင်း(၆၁၅)ဧကနှင့် အခြားမိုးသီးနှံ စိုက်ခင်း (၃၈၅)ဧက အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် 16 Cusecs Pumps 185Km Motor စက်ပစ္စည်း အမျိုးအစား သုံးလုံးဖြင့် ရေလုံလောက်စွာရရှိရေး အလှည့်ကျစနစ်ဖြင့် ပျိုးထောင်ရေများ ပေးဝေလျက်ရှိ ကြောင်း၊ မြစ်ရေတင်ဖြင့် ဆင်းသုခ၊မနောသုခနှင့်ဧရာမင်းစသည့် စပါးမျိုးများကို အဓိကစိုက်ပျိုးကြပြီး အခြား သီးနှံများအဖြစ် နှမ်း၊ပြောင်း၊ ငရုတ်သီးနှင့် ပဲအမျိုးမျိုးစိုက်ပျိုးကြကြောင်း ပခုက္ကူခရိုင် ဆည်မြောင်နှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနမှ ရွှေတန့်တစ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင် တာဝန်ကျထမ်းဆောင်သူ လက်ထောက် ဦးစီးမှူး ဦးလိန်းထန်က ပြောသည်။

 

ဆက်လက်၍ ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်စံပြကျေးရွာနေ တောင်သူ ဦးဝင်းစိန်က ရွှေတန့်တစ် မြစ်ရေတင်ဖြင့် ဆင်းသုခ နှင့်မနောသုခစပါးမျိုး မိုးစပါးစိုက်ဧက (၁၀)ဧကစိုက်ပျိုးရန် လျာထားကြောင်း၊ မြစ်ရေတင် စီမံကိန်းလုပ်ငန်း မစတင်ခင်ချိန်များတွင် စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိုးရေကိုသာအားကိုးပြီး စိုက်ပျိုးနေရသောကြောင့် အောင်မြင်ဖြစ်ထွန်းမှု နည်းပါးပြီး မိုးခေါင်သည့်ကာလများတွင် အရှုံး‌နဲ့သာ ယှဉ်ဆိုင်ခဲ့ရ ကြောင်း၊ စီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော်လုပ်ကိုင်သည့် အချိန်တွင် တောင်သူများအနေဖြင့် ယာစိုက် ပျိုးခြင်းမှ လယ်စိုက်ပျိုးရေးသို့ ပြောင်းလဲလုပ်ကိုင်ရသောကြောင့် ရေလုံလောက်အောင်ပေးဝေနိုင်မှု မရှိသည့် လယ်ခင်းပိုင်တောင်သူများအနေဖြင့် အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရကြောင်း၊ နောက်ပိုင်းကာလများတွင် ထွန်ရက်စိုက်ပျိုးမှားများပြားလာပြီး ရေလုံလောက်စွာရရှိလာသောကြောင့် လယ်စိုက်ပျိုးခြင်းများ အောင်မြင်မှု ရရှိလာကြောင်း၊ ယခင် နွေစပါးတွင် တစ်ဧကလျှင် တင်း(၁၀၀)ကျော်ထွက်ရှိခဲ့ပြီး ယခုစိုက်ပျိုးမည့် မိုးစပါးမှာလည်း အထွက်နှုန်းကောင်းပြီး အောင်မြင်ဖြစ်ထွန်းမည်ဟုယုံကြည်ကြောင်း၊  စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး၊ မြေဩဇာများ ဖြန့်ဝေပေးပြီး ယင်းဌာန၏ စိုက်ပျိုးရေးနည်းပညာ ညွှန်ကြားချက်များနှင့်အညီ စိုက်ပျိုးထားကြောင်း၊ ယခုနှစ် မိုးစပါး ရာသီကာလတွင်လည်း နိုင်ငံတော်၏ COVID-19 Economic Relief Plan (CERP) အထောက်အပံ့အစီအစဉ်ဖြင့် စပါးမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများကို စိုက်စရိတ်၊မျိုးကွဲပယ်၊ ရိတ်သိမ်းသန့်စင်ခများအတွက် တစ်ဧကလျှင် ငွေကျပ်(၁၄၀၀၀၀)၊ မနောသုခနှင့် ဆင်းသုခစပါး မျိုးစေ့အတွက် တစ်ဧကလျှင် ငွေကျပ် (၈၅၀၀)၊ အရည်အသွေး ကောင်းမျိုးအတွက် တစ်ဧကလျှင် ငွေကျပ် (၁၀၅၀၀)တို့ဖြင့် သီးခြားပံ့ပိုးထုတ်ပေးလျက်ရှိကြောင်း ပြောသည်။

 

ပခုက္ကူမြို့နယ်တွင် ကုက္ကိုလှ၊ ကြီးရွာ၊ ရွှေတန့်တစ်နှင့် နုန်းပို့မြစ်ရေတင်စီမံကိန်း (၄)ခုရှိရာ ရွှေတန့်တစ် မြစ်ရေတင်စီမံကိန်းကို ၂၀၀၀-၂၀၀၁ ခုနှစ်တွင်စတင်ပြီး ၂၀၀၉-၂၀၁၀ခုနှစ်တွင် စီမံကိန်းလုပ်ငန်းပြီးစီး အောင်မြင် ခဲ့ကြောင်း၊ ရွှေတန့်တစ်မြစ်ရေ တင်စီမံကိန်းဖြင့် စိစစ်ပြီးသော ဧကပေါင်း (၁၅၀၀)ဖြစ်ပြီး မိုးစပါးဧက (၁၀၀၀)နှင့် နွေစပါးဧက(၇၀၀)အတွက် နှစ်စဉ်ရေပေးဝေလျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသည့် တောင်သူများ အတွက် အကျိုးအမြတ်အဖြစ် မိုးစပါးတစ်ဧကလျှင် ငွေကျပ်(၂၄၀၀၀၀) ကျော်၊ နွေစပါးတစ်ဧကလျှင် ငွေကျပ် (၂၃၀၀၀၀)ကျော်နှင့် အခြားသီးနှံများအဖြစ် တစ်ဧကလျှင် ငွေကျပ် (၁၈၀၀၀၀) စီဖြင့် နှစ်စဉ်အမြတ်ငွေ ရရှိကြကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)