ခင်ဦး ၁၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦး-ခင်ဦး ကားလမ်းအား မူလကတ္တရာလမ်း အကျယ် (၁၂) ပေမှ (၁၈) ပေအကျယ် ကတ္တရာတိုးချဲ့ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
ရေဦး-ခင်ဦးကားလမ်း မိုင် ၁၀/၃ မှ ၁၁/၄ အတွင်း တစ်မိုင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၃၀၉ ဒသမ ၁) သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနက ကြီးကြပ်ပြီး ပြည်တော်တိုးကုမ္ပဏီမှ မူလကတ္တရာလမ်း အကျယ် (၁၂) ပေမှ (၁၈) ပေ အကျယ် ကတ္တရာတိုးချဲ့ထပ်ပိုးလွှာခင်းခြင်း၊ တစ်ဖက်လျှင် (၃) ပေ အကျယ် အမာခံလမ်းပုခုံးခင်းခြင်း၊ (၅)ပေအကျယ် မြေသားဘောင်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး အဆိုပါလမ်းကို ပြည်ထောင်စုရန်ပုံငွေမှ လမ်းအထူးပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၈၅ ဒသမ ၄၆) သန်းဖြင့် မိုင် ၈/၀ မှ ၁၀/၃ အတွင်း ၂ မိုင် ၃ ဖာလုံနှင့် မိုင် ၁၁/၅ မိုင် မှ ၁၄/၂ အတွင်း ၂ မိုင် ၅ ဖာလုံ စုစုပေါင်း ငါးမိုင်အား ကတ္တရာဖြင့် လမ်းနှုတ်ခမ်းများ ကွပ်ပြီး တစ်ဖက်လျှင် သုံးပေအကျယ် ဂျင်းလမ်းပုခုံးခင်းခြင်းလုပ်ငန်းများကို လည်းကောင်း၊ ခွင့်ပြုရန်ပုံငွေကျပ် (၈၀ ဒသမ ၀၀) သန်းဖြင့် မိုင် ၈/၀ မှ ၁၅/၂ အတွင်း ၁ မိုင် ၁ ဖာလုံခန့်ကို ကတ္တရာဖြင့် လမ်းအနိမ့်အမြင့်ဖြေခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီး အရာရှိ(မြို့ပြ) ဒေါ်ကြည်ကြည်ဝေ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ဆောင်ရွက်မည့်လမ်းပိုင်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီတို့က ဇန်နဝါရီလ ၁၅ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)