တန့်ဆည်  ၁၈ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်တွင် ဇွန် ၁၇ ရက် နံနက်ပိုင်းက တိမ်းမှောက်နေသော ထော်လာဂျီပေါ်မှ အင်ခွဲသားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၁၇ ရက် နံနက် ၅ နာရီခန့်က တန့်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်စန်းယု ပါဝင်သော ပူးပေါင်းအဖွဲ့နှင့် တောဂျင်ရဲကင်းစခန်းမှ ဒုတိယရဲအုပ် ပြည့်ဖြိုးအောင် ခေါင်းဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ရေဦး-ကလေးဝသွား ကားလမ်းတစ်လျှောက် တရားမဝင် သစ်များ သယ်ဆောင်သွားလာခြင်း မရှိစေရေးအတွက် ရှာဖွေစစ်ဆေး ဆောင်ရွက်စဉ် မိုင်တိုင်အမှတ် ၄၇/၄ အနီးနေရာတွင် လူတစ်ဦးမှမရှိဘဲ တိမ်းမှောက်နေသည့် ယာဉ်နံပါတ်မပါ အစိမ်းရောင် ထော်လာဂျီ (၆) ဘီးယာဉ်တစ်စီးအား တွေ့ရှိစစ်ဆေးရာ ယာဉ်ပေါ်တွင် ဝါးများနှင့်အတူ တရားမဝင် အင်ခွဲသား (၄၃)ချောင်း၊ ၇ ဒသမ  ၇၀၆၆ တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေ ရဲစခန်းက အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)