ခန္တီး      ၁၀   ဒီဇင်ဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေး ဝန်ကြီးဌာန၊ ခန္တီးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သည့် (ECCD) Early Chilhood Care and Development ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခမဲ့) သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သည်။

 

သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဌေးက “အသက်  ငါးနှစ်အောက်ကလေးများ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် မူလတန်းကျောင်းများသို့ မဝင်ရောက်မီ အသက်သုံးနှစ်မှ ငါးနှစ်အတွင်း ကလေးသူငယ်များကို ကြိုတင်ပြုစုပျိုးထောင်နိုင်ရန် ဤသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။

 

mdn

 

သင်တန်းကို ခန္တီးမြို့ ပေါမိုင်း၊ မြို့မ၊ ဇီးဖြူကုန်းရပ်ကွက်၊ ကင်းတော်ရွာနှင့် ခန္တီးမြို့နယ် နန်စီပွန်ဒေသမှ လသာကျေးရွာ၊ ဟုမ္မလင်း၊ လေရှီး၊ နန်းယွန်း၊ ကြူယမ်း၊ ထန်ပါခွေမြို့၊ လန်းနောက်ကျေးရွာများမှ သင်တန်းသူ(၃၀) ဦးတက်ရောက်မည်ဖြစ်ပြီး အဆိုပါ သင်တန်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၃၁ နေ့ထိ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးကာ နည်းပြဆရာမ ဒေါ်လှိုင်သင်းအိ၊ ဒေါ်စောဥမ္မာဝင်းနှင့် ဒေါ်သင်းသင်းလှိုင်တို့က စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

စနေမောင်(ခန္တီး)