နေပြည်တော် ၂၉ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှေးဦးအရွယ် ကလေးသူငယ်သည် မွေးစမှ အသက်(၈)နှစ်အရွယ်အထိဖြစ်ပြီးအသက်(၈)နှစ်နောက်ပိုင်းတွင် ထိရောက်အောင်မြင်သော သင်ကြားမှု၊ သင်ယူမှုများအတွက် အဆင်သင့်ဖြစ်ရန် နည်းစနစ်မှန်ဖြင့် ပြုစုပျိုးထောင်ထားရမည့် အသက်အရွယ်ကာလဖြစ်ကြောင်း၊ အဆိုပါကာလသည် ဦးနှောက်ဖွံ့ဖြိုးမှု အားအကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းနှင့်အတူ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဤအသက်အရွယ်အတွင်း ခံစားရရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ငန်းအားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှုနှင့် မိသားစုဝင်များပါသိရှိရန်လိုအပ်ကြောင်း၊ မူကြိုမှာ အစိုးရ၊ ပုဂ္ဂလိက၊ ကိုယ့်အားကိုယ်ကိုးမူကြိုဟူ၍ ၃ မျိုးရှိပါကြောင်း၊ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူကြိုကျောင်းတက်ရောက်ရန် ကျန်နေသော ကလေးငယ်များ အများအပြားရှိသည့်အတွက် မူကြိုတက်ရောက်နိုင်ရေးကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ လက်ရှိနေ့ကလေးထိန်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို ကြီးကြပ်ရန် ဥပဒေအရ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၆ ခုနှစ်အထိ မူလတန်းကြို ကျောင်း (၉၉)ကျောင်းသာဖွင့်လှစ်ဆောင်ရွက်လျက်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် (၁၂၈) ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ (၁၀၂၅) ကျောင်းရှိ တာဝန်ခံနှင့် စာသင်ဆရာမများကို လစာနှင့် သင်ထောက်ကူပစ္စည်းကြေးများ တစ်စိတ်တစ်ပိုင်း ထောက်ပံ့နိုင်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် နေ့ကလေးထိန်း မိခင်ဝိုင်း (၆၄၂) ဝိုင်းကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုင်းတာစစ်ဆေးရန်အတွက် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေတိုင်းတာစစ်ဆေးပံ့ပိုးခြင်းဆိုသည့် ဝန်ဆောင်မှုလုပ်ငန်းကို တတ်ကျွမ်းနားလည်သည့် ပညာရှင်များပါဝင်သော ရှေ့ပြေးစီမံချက်အဖွဲ့ဖြင့် မြို့နယ် (၇) မြို့နယ်မှ အသက် (၅) နှစ်အောက်ကလေးငယ်များနှင့်မိဘများကို အသိပညာပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ စနစ်တကျနည်းစနစ်မှန် ပြုစုစောင့်ရှောက်မှုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ကလေး သူငယ်များကို ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းပါ တစ်ပြိုင်တည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မူကြိုများ၊ နေ့ကလေးထိန်းများ ဖွင့်လှစ်မည့်သူများသည် တည်ထောင်ခွင့်ပြု မိန့်လိုအပ်ပါကြောင်း၊ နေ့ကလေးထိန်းများ၊ မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်ရာတွင် အရည်အသွေးပြည့်မှီရန်နှင့် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီလည်း လိုက်နာရန်လိုအပ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို စနစ်တကျ ပြုစုပျိုးထောင်ခြင်း လုပ်ငန်းတွင် ကြုံတွေ့ရသည့်အခက်အခဲများအပေါ် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က လက်ရှိဆောင်ရွက်နေသောရှေးဦးအရွယ် ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအပေါ် တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် တွေ့ကြုံရသည့် အခက်အခဲများ အပေါ် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


