နေပြည်တော် ၁၇ သြဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျိုက်ဝိုင်းရှိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာနတွင် ကျင်းပသော ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒကိုပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မူဝါဒအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ငါးနှစ်တာကာလအတွင်း ရရှိခဲ့သော အတွေ့အကြုံများ၊ မှတ်တမ်းအချက်အလက် အထောက်အထားများအပေါ် အခြေပြု၍ လိုအပ်သောပြောင်းလဲမှုများကို ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မူဝါဒအရ ချမှတ်ထားသော မဟာဗျူဟာ (၁၀)ရပ်ကို အောင်မြင်အောင်လက်တွေ့ကျသော စီမံချက်များကိုချမှတ်ကာ အကောင်အထည် ဖော်ကြရန်လိုအပ်ပြီး အသက်ရှစ်နှစ်အရွယ်အထိ လွှမ်းခြုံနိုင်ရန်လိုအပ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ချက်လျက်ရှိသော ပုဂ္ဂလိကနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများသည် လက်ရှိဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လိုအပ်သော သင်တန်းများကို စနစ်တကျတိုးချဲ့ဖွင့်လှစ်နိုင်ရန်နှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်းစေရန် ကာကွယ်စောင့်ရှောက်မှုများကိုပါ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကလေးများကို ပြုစုပျိုးထောင်ရာတွင် မိခင်ဖခင်များနှင့် မိသားစုဝင်များ၏ အရေးပါမှုကို အလေးထားထည့်သွင်းစဉ်းစား၍ မူဝါဒများချမှတ်နိုင်ရန်လိုအပ်ကြောင်း၊ မူဝါဒနှင့်အညီ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် မိတ်ဖက်နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများသည် ရေရှည်တည်တံ့သော လုပ်ငန်းစဉ်များဖြစ်စေရန် အစိုးရ၏ စီမံကိန်းများနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများကို အကြံပြုဆွေးနွေးပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မဟာဗျူဟာ (၁၀)ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက အခြေခံပညာကျောင်းများတွင် မူလတန်းကြိုကျောင်း ထားရှိမှုအခြေအနေ၊ ရပ်ရွာအခြေပြုမူလတန်းကြိုကျောင်းများ လုပ်ဆောင်နေမှုအခြေအနေနှင့် လက်တွေ့ဆောင်ရွက်မှုများတွင် ဖြေလျှော့မှုများ ပြုလုပ်ပေးနိုင်ရေး၊ နည်းဥပဒေများရေးဆွဲရာတွင် လိုအပ်သောအချက်များ ထည့်သွင်းနိုင်ရေး၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုသင်တန်းများကို စနစ်တကျတာဝန်ယူဖွင့်လှစ်နိုင်ရေး၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာအတွက် ဆောင်ရွက်ထားရှိမှု၊ ကလေးဖွံ့ဖြိုးတိုးတက်မှုအတွက် လေ့ကျင့်ရာတွင် လိုအပ်သော ဈေးနှုန်းသက်သာပြီး အသုံးဝင်သည့်ကလေးအရုပ်များ ပြည်တွင်းတွင် ထုတ်လုပ်ပေးနိုင်ရေးမိတ်ဖက် အဖွဲ့အစည်းများက ဆောင်ရွက်ထားရှိမှု၊ အထူးပညာရေး လိုအပ်သော ကလေးငယ်များအတွက် မူလတန်းကြိုကျောင်း လျှောက်ထားရာတွင် လိုအပ်ချက်များ စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးမြေနေရာအတွင်း မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး ဘက်စုံသင်တန်းကျောင်း အဆောက်အဦးဆောက်လုပ်ရေး နေရာရွေးချယ်ရန် သွားရောက်ကြည့်ရှုခဲ့ကြပြီး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


