ပုသိမ် ၁၅ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိ ကလေးငယ်များ၏ မိဘများ၊ အုပ်ထိန်းသူများအား တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ် စနစ်တကျပြုစု စောင့်ရှောက်ရေး အရေးကြီးပုံကို ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများအတွက် လတ်တလောအကျိုးပြုလုပ်ငန်းသာမက ရေရှည်တွင်အကျိုးရှိမည့် လုပ်ငန်းများကို မူဝါဒ များချမှတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ရေးကို စနစ်တကျဆောင်ရွက်နိုင်မှသာ အနာဂတ် အတွက် အရည်အချင်း ပြည့်ဝသော လူသားအရင်းအမြစ်များပေါ်ထွက်လာ မည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်ကြမည့် မိဘများ၊မိသားစုဝင်များကိုဖိတ်ခေါ်၍ အသိပေးပြောကြား ခြင်းဖြစ်ကြောင်း၊ ကလေးငယ်များကို မွေးစမှအသက်(၈)နှစ်အရွယ်ကို ရှေးဦးအရွယ် ကာလ ဟုသတ်မှတ်ပါကြောင်း၊ မွေးစမှ အသက်(၃)အရွယ်သည် အလွန်အရေးကြီး ပါကြောင်း၊ ၎င်းအသက်အရွယ်အုပ်စု အတွင်း ကိုယ်ဝန်ဆောင်သည်မှမွေးဖွားပြီး ကလေးအသက် (၂) နှစ်အထိသည်ကလေး၏ ရက်ပေါင်း (၁၀ဝ၀) ကာလဖြစ်ပြီး ထိုကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံး ကာလဖြစ်ပါ ကြောင်း၊ ဤကာလ၌ မိဘများ၊ မိသားစုများက ရှေးဦးအရွယ်ကလေးသူငယ်ပြုစု စောင့်ရှောက်ရေး အသိမှန်ဖြင့်ပြုစုစောင့်ရှောက်ရန်အရေးကြီးပါကြောင်း။
လူမှုဝန်ထမ်းဦးစီး ဌာနကကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက်(၂)နှစ်အထိ ငွေကြေး ထောက်ပံ့ခြင်းနှင့်အတူ အာဟာရပညာပေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးပညာပေးနှင့် မိသားစုစီမံကိန်း ပညာပေးအစီအစဉ်များကို ဖွံ့ဖြိုးမှုအညွှန်း ကိန်းများအရ ဦးစားပေး ဒေသများအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါအစီ အစဉ်သည် ဧရာဝတီတိုင်း ဒေသကြီးအတွင်း မကြာမီ ရောက်ရှိ လာတော့မည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး အဆိုပါ အသိများရရှိအောင်မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကလေး ကျန်းမာပညာအဖွဲ့၊ ရန်ကုန်ကလေးဆေးရုံကြီးတို့ပူးပေါင်း၍ ကလေး(၃)နှစ်အရွယ်အထိ ပုံမှန်ဖွံ့ဖြိုးမှုရရန် ဆောင်ရွက်ရန် နည်းလမ်းများပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေသွားမည် ဖြစ်ပါကြောင်း၊ မိဘများ၊ အုပ်ထိန်းသူများနှင့် မိသားစုဝင်များက သေချာလေ့လာရန် လိုအပ်ပါကြောင်း၊ နည်းစနစ်မှန်ကန်သောပြုစု စောင့်ရှောက် မှုများဖြင့်လည်း မိခင်ဝိုင်းများ၊ အစိုးရမူကြိုများ၊ ကိုယ့်အားကိုယ်ကိုးမူကြိုများနှင့် ပုဂ္ဂလိက မူကြိုများ တိုးချဲ့ဖွင့်လှစ် လေကျင့်ပေးရန်လိုအပ်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေး သူငယ်စောင့်ရှောက်ရေး ဆရာဖြစ်သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်လျက်ရှိပါကြောင်း နှင့် ရှေးဦးအရွယ်ကလေး သူငယ် များအတွက်ဆောင်ရွက်ပေးခြင်းသည် အနာဂတ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရေရှည် မျှော်မှန်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းနှင့် အတူ သဘာဝဘေးဒဏ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများသည် ပိုမိုပြင်းထန်လာကြောင်း၊ ထို့အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပိုမိုထိရောက်သောဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များဆောင်ရွက်နိုင်ရန် ဘေးအန္တရာယ်များကို ကြံ့ကြံ့ ခံရင် ဆိုင်တုန့်ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးစသည့် မူဝါဒစနစ် သစ်များချမှတ်ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ထိထိ ရောက်ရောက် ကြိုးပမ်း လျက်ရှိကြောင်း၊ ဘေးဖြစ်ပွားပါကလည်း အလျင်အမြန် တုန့်ပြန် ဆောင်ရွက်ပါကြောင်း၊ ဘေးသင့်ဒေသများအတွက် အမြန်ပြည်လည်ထူ ထောင်ရေးလုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်းကော် မတီ (၁၂)ခုရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေ သကြီး၊ ခရိုင်၊မြို့နယ်၊ ရပ်ကွက် ကျေးရွာ အဆင့်ဆင့်တွင်လည်းအဆိုပါ ကော်မတီများ ဖွဲ့စည်းထားကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရပါကြောင်း၊ ယခုတက်ရောက်လာကြသော လူမှူအဖွဲ့အစည်များက လည်း ညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် စေလိုပါကြောင်း၊ ဘက်စုံသုံး ဘေးဒဏ်ခံ အဆောက်အဦများကို သဘာဝဘေးအဖြစ်များသော ဒေသများ၌ ဦးစားပေး ဆောက်လုပ်ပေးလျက်ရှိပါကြောင်း နှင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းများ လည်းဖွင့်လှစ် ပေးထားပါကြောင်း၊ လူမှုအဖွဲ့အစည်းများအနေဖြင့် တက်ရောက်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက တိုင်းဒေသကြီးအစိုးရ၏ သဘာဝဘေးစီမံခန့်ခွဲမှုကြို တင်ဆောင်ရွက် ထားရှိမှုများကိုရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ပုသိမ်မြို့တစ်ဖက်ကမ်းရှိ ရပ်ကွက် မီးဘေး၊ အမှိုက်စွန့် ပစ်ရန် ခက်ခဲမှု၊ရေစီးရေလာကောင်းမွန်ရေး၊ သဘာဝဘေး လျော့ပါးရေးသင်တန်းများ၊ ဇာတ်တိုက်လေ့ကျင့်ခန်းများပိုမိုဆောင်ရွက်နိုင်ရေး၊ ရပ်ကွက် ကျေးရွာသဘာဝဘေး စီမံခန့်ခွဲ မှူကော်မတီလုပ်ငန်းများလည်ပတ်နိုင်ရေး၊ သဘာဝ ဘေးများတွင် မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစားပေးရေး၊ သက်ငယ်မုဒိမ်းမှူများတွင် လျင်မြန်စွာ ကူညီဆောင်ရွက်ပေး နိုင်ရေး၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပိုမို ပေါင်းစပ် ဆောင်ရွက် နိုင်ရေး၊ Maternal and Child Cash Transfer ဆောင်ရွက်ရာတွင် ထိရောက်စွာကူ ညီပံ့ပိုးဆောင်ရွက်နိုင်ရေး၊ အရေးပေါ်လူနာတင်ရေယာဉ် ဆောင်ရွက်ပေး နိုင်ရေးတို့ကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။
(သတင်းစဉ်)