ရေဦး ၂၀ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ဖိန်းကားကျေးရွာ ဖိန်းကားကျောင်းတိုက် ဓမ္မာရုံ၌ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် ရွှေဘိုခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စနစ်တကျ အမှိုက်စွန့်ပစ်တတ်စေရေး အသိပညာပေး ဟောပြောပွဲနှင့် ဖိုက်ဘာအမှိုက်ပုံးများ ပေးဝေခြင်း၊ ကျေးရွာအမျိုးသမီးရေးရာ အဖွဲ့သို့ တူညီဝတ်စုံများ ထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေဘိုခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန်းမြင့်က ကျေးရွာဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူနေမှုအဆင့်အတန်း၊ နေထိုင်မှုအဆင့်အတန်းနှင့် နေအိမ်သန့်ရှင်းရေး ကျန်းမာစွာ နေထိုင်နိုင်ရေး အလေ့အကျင့်ကောင်းဆိုင်ရာ လူနေမှုစနစ်ကောင်းများ၊ အမှိုက်သရိုက် သိမ်းဆည်းရာတွင် အမှိုက်များကို အမျိုးအစားအလိုက် ခွဲခြားလျက် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ကြရမည့် နည်းလမ်းများနှင့် အမှိုက်များ စွန့်ပစ်ရာတွင် ပတ်ဝန်းကျင်ရှိလူများအား အနှောင့်အယှက် မဖြစ်စေရေး ဂရုပြုရမည့် အချက်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စန်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များသည် ကျေးရွာအိမ်ထောင်စုဝင် အမျိုးသမီးများနှင့်အတူ စနစ်တကျ အမှိုက်များ သိမ်းဆည်းခြင်း သရုပ်ပြသဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာသူ ကျေးရွာသားများ စနစ်တကျ အမှိုက်စွန့်ပစ် သိမ်းဆည်းသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ဖိုက်ဘာအမှိုက်ပုံး အလုံး ၂၀ နှင့် ကျေးရွာအမျိုးသမီးရေးရာ အဖွဲ့ဝင်များအတွက် တူညီဝတ်စုံ ၂ဝ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စန်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များသည် ကျေးရွာတွင်းသို့ ကွင်းဆင်းကာ အမှိုက်ကောက်နည်း၊ သိမ်းဆည်းနည်းများကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
သန်းထိုက် (ရေဦး)