နေပြည်တော်၊ ဇန်နဝါရီ ၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပလူဇာဝတိုက်နယ်ဆေးရုံမှ ဘုတလင်မြို့နယ်ပြည်သူ့ ဆေးရုံသို့ ဆေးဝါးများ သယ်ဆောင်လာသည့် လူနာတင်ယာဉ်နှစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်သဖြင့် လူနာတင်ယာဉ်တစ်စီးပျက်စီးကာ ကျန်းမာရေး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အစွန်းရောက် အယူဝါဒများဖြင့် လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပလူဇာဝ တိုက်နယ်ဆေးရုံအား ယာယီရုပ်သိမ်းခဲ့ပြီး အဆိုပါဆေးရုံရှိ ဆေးဝါးများအား ရေဦးမြို့ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီလ ၂ ရက်တွင် ကုန်တင်ကားတစ်စီးဖြင့် တင်ဆောင်၍ ကနီ-ကနဲကားလမ်းအတိုင်း ပို့ဆောင်ပေးခဲ့ရာ ရေဦးမြို့နယ် ပြည်သူ့ဆေးရုံမှ ယာဉ်မောင်းများဖြစ်ကြသည့် ရေဦးမြို့၊ အောင်ဆန်းရပ်ကွက်၊ ဆေးရုံ ဝန်ထမ်း အိမ်ရာနေသူများဖြစ်သည့် ဦးလှိုင်ဝင်းယု (၄၄) နှစ် (ဘ) ဦးအာယုနှင့် ဦးပြည့်စုံမောင် (၂၂) နှစ် (ဘ) ဦးကံဝင်းမောင်၊ ဆေးရုံလုပ်သားများဖြစ်သည့် ဦးပေါရှမ်းမှောင်(၃၉)နှစ် (ဘ)ဦးထန်ဇာတွဲ၊ ဦးဖြိုးဝေဇော်(၂၅)နှစ် (ဘ) ဦးဇော်ထွန်းဦးတို့ လေးဦးသည် ဆေးရုံပိုင် လူနာတင်ယာဉ် နှစ်စီးဖြင့် ဘုတလင်မြို့နယ် လွဲတဲကျေးရွာ “မင်းကျော်အောင်” ဆီဆိုင်အနီး၌ ည ၆ နာရီ ၅ မိနစ်အချိန်တွင် သွားရောက် လွှဲပြောင်းတင်ဆောင်၍ ရေဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ထွက်ခွာလာစဉ် ည ၆ နာရီ ၂၅ မိနစ်အချိန် ဘုတလင်မြို့နယ်၊ မြောက်ကျီကျေးရွာကျော် အရောက်၌ PDF အမည်ခံအကြမ်းဖက် သမားများက လမ်းဘေးမှ လက်လုပ်မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ဦးလှိုင်ဝင်းယု မောင်းနှင်လာသည့် SGG 3K-4613 နံပါတ်ပါ လူနာတင်ယာဉ်၏ ယာဘက်ခြမ်း ရှေ့/နောက် ကားဘီးများ ထိမှန်ပျက်စီးခဲ့ပြီး အဆိုပါယာဉ်ပေါ်ပါ ဦးလှိုင်ဝင်းယု၏ နှာခေါင်းရိုးနှင့် ယာပါးတွင် လည်းကောင်း၊ ဦးပေါရှမ်းမှောင်၏ ယာလက်ဖျံ၊ ဦးခေါင်းနောက်စေ့နှင့် ဝဲရင်အုံတို့တွင်လည်းကောင်း မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ပျက်စီးသွားသည့် လူနာတင်ယာဉ်အား အဆိုပါနေရာ၌ ထားရစ်ခဲ့ကာ ၎င်း၏အနောက်မှ လိုက်ပါလာသည့် ဦးပြည့်စုံမောင် မောင်နှင်သည့် လူနာတင်ယာဉ်ဖြင့် ဘုတလင်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူခဲ့သည်။

 

ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးကာကျန်ရှိခဲ့သည့် ဆေးဝါးများ တင်ဆောင်ထားသည့် လူနာတင်ယာဉ်အား ပြန်လည်ပြင်ဆင်သယ်ဆောင်နိုင်ရေးနှင့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနို်ငရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်

 

mdn