ရေဦး  ၂၃ ဇန်နဝါရီ  

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် ကျေးရွာအမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းပြုလုပ်သော  ကျေးလက်နေ အမျိုးသမီးများဖွံ့ဖြိုးရေး စီမံချက်လုပ်ငန်းဆိုင်ရာ  အသိပညာပေး ဟောပြောပွဲ၊ ဖိုက်ဘာအမှိုက်ပုံးများ ပေးဝေခြင်းနှင့် ကျေးရွာအမျိုးသမီးရေးရာအဖွဲ့သို့ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ထန်းတောကျေးရွာ အုပ်ချုပ်ရေးမှုးရုံးဝင်း၌ ပြုလုပ်ခဲ့သည်။

 

ကျေးလက်နေ အမျိုးသမီးများအနေဖြင့်  မိမိကိုယ်မိမိ အားနွဲ့သူများ ဖြစ်သည်ဟု စိတ်မွေးမြူ မထားစေလိုကြောင်း၊ မိသားစုနေထိုင်မှုအဆင့်အတန်း မြင့်မားစေရေး နေအိမ်သန့်ရှင်းရေး ကျန်းမာစွာ နေထိုင်နိုင်စေရေး စသည့် အလေ့အကျင့်ကောင်းဆိုင်ရာ လူနေမှုစနစ်ကောင်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးကြမှသာ ကျေးရွာဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊   မိမိအိမ်တွင် ဖြစ်စေ ကျေးရွာတွင်းဖြစ်စေ အမှိုက်သရိုက် သိမ်းဆည်းရာတွင် စနစ်တကျ စွန့်ပစ်ခြင်းနည်းလမ်းများအတိုင်း ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ရေဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်အေးအေးကျော့က အသိပညာပေး ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဦးစီးမှုးဒေါ်အေးမြင့်စန်းက စာဖတ်ခဲ့ခြင်းကြောင့် ထူးချွန်ထက်မြက်သော အမျိုးသမီးများ ပေါ်ထွက်လာပုံကိုလည်း အသိပညာပေးဟောပြောခဲ့ကြသည်။

 

ထို့နောက်  မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဖိုက်ဘာအမှိုက်ပုံး အလုံး ၂၀ နှင့် ကျေးရွာအမျိုးသမီးရေးရာအဖွဲ့ဝင်များအတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာတွင်းတွင်းသို့ကွင်းဆင်းကာ အမှိုက်ကောက်နည်း၊ သိမ်းဆည်းနည်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

 

သန်းသန်း( ပြန်/ဆက်)