ရေဦး ၁၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့တွင် နိုင်ငံတော်ကိုယ်စား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီမှ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို ဧပြီ ၁၁ ရက်နံနက် ၁၀ နာရီက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာ၌ အောင်ဆန်းရပ်ကွက်ရှိ အခြေခံလူတန်းစား ၁၄၅ စုနှင့် ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၂၄၅ စုတို့အား ကုလားပဲစိမ်း၊ ဆန်(၈)ပြည်၊ ဆား ၅၀ သား၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန်နီတစ်ပိဿာကို ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ ဒေါ်အောင် (ရေဦး၀က်အူချောင်း) မိသားစုမှ အောင်ချမ်းသာရပ်ကွက်ရှိ အခြေခံလူတန်း စားအိမ်ထောင်စု ၂၉၃ စုတို့အား တစ်ဦးလျှင် ဆန်တစ်ပြည်၊ ကြက်ဥ ၁၀ လုံး၊ ဆီ ၃၅ ကျပ်သားကို ထောက်ပံ့ပေးခဲ့သည်။
ရေဦးမြို့နယ်အနေဖြင့် ရပ်ကွက်ကျေးရွာအုပ်စု ၆၇ အုပ်စုရှိပြီး ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား ၆၅၆၀ ဦးရှိကြောင်း၊ ကျန်ရှိသော အခြေခံလူတန်းစား/ အိမ်ထောင်စုများအား ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်း(ရေဦး)


