ကျောက်ဆည် စက်တင်ဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ရေဝင်နစ်မြုပ်ခဲ့သော ရပ်ကွက်/ကျေးရွာများ၌ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြည်သူများပူးပေါင်း၍ နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ စဉ့်ကိုင်မြို့နယ်တွင် ခရိုင်/မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြည်သူများပူးပေါင်း၍ ထန်းတောကျေးရွာ၌ စက်ရေတွင်း(၉)တွင်း၊ ရွာသာအေး ကျေးရွာ၌ စက်ရေတွင်း(၁)တွင်းတို့အား တွင်းဆေးခြင်း၊ တွင်းမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြစ်သားမြို့နယ်တွင် ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မန္တလာဆေးကုသရေးအဖွဲ့နှင့် တာဝန်ရှိ သူများပူးပေါင်း၍ အနောက်နွားကူးလေးကျေးရွာ ရွှေရတနာသိုက် ဘုန်းတော်ကြီးကျောင်းတွင် အမျိုးသား (၉၂)ဦး၊ အမျိုးသမီး (၁၃၆)ဦး၊ လောင်းတော်ဦးကျေးရွာ ဘုရားသုံးဆူကျောင်းဝန်းတွင် အမျိုးသား (၃၂)ဦး၊ အမျိုးသမီး (၄၁)ဦး၊ စုစုပေါင်း အမျိုးသား (၁၂၄)ဦး၊ အမျိုးသမီး (၁၇၇)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)