ကောင်းထက်
မြင့်မား မတ်စောက်သော တောင်တန်းကြီးများ ဝန်းရံကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၇၀၀ တွင် ကျယ်ပြန့်သော သဘာဝကန်ကြီးအဖြစ် တည်ရှိနေသည်။ မြင့်မားသော တောင်တန်းများအကြား တည်ရှိနေသည့်အတွက် တောင်ပေါ်ပင်လယ်လေးဟု တင်စားခေါ်ဝေါ်ကြသည်။ တောင်ပေါ်ပင်လယ်လေးဟု တင်စားခေါ်ဝေါ်ရာ နေရာကား ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၏ အနောက်မြောက်ဘက် မိုင်၄၀ ကျော် အကွာတွင် တည်ရှိသည့် အင်းတော် ကြီးကန်ပင်ဖြစ်သည်။
အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံတွင် အကျယ်ဆုံးကန်ဖြစ်သည်။ ကန်၏အရှေ့ဘက်တွင် မိုးကောင်းမြို့နယ်၊ အရှေ့တောင်ဘက်တွင် ဟိုပင် - မိုးညှင်းကကျော်တောင်ကြား၊ တောင်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ အနောက်ဘက်တွင် ဗန်းမောက်မြို့နယ်၊ မြောက်ဘက်တွင် ကာမိုင်းမြို့နယ်တို့နှင့် ထိစပ်နေကာ အကျယ်အဝန်းသည် စတုရန်း မိုင် ၃၁၄ ဒသမ ၀၈ စတုရန်းမိုင်ခန့် ရှိသည်။
မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိ
ကန်နှင့်အတူ ဆက်နွှယ်နေသည့် တောတောင်ဝန်းကျင်ကြောင့် ဝန်းကျင်ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲစုံလင် စွာတည်ရှိနေသည့် ဒေသတစ်ခု ဖြစ်သည်။ အင်းတော်ကြီးကန်ဝန်းကျင် တွင် သစ်တောဂေဟစနစ်၊ (ရေချို) ရေဝပ်ဒေသဂေဟစနစ်နှင့် မြက်ခင်း ဂေဟစနစ်တို့ကို တွေ့ရှိနိုင်ပြီး ထိုဂေဟစနစ်ကို တည်မှီနေသည့် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော ကုန်းနေ၊ ရေနေသားငှက်တိရစ္ဆာန် မျိုးစိတ်များစွာ တည်ရှိနေသည်။
ထိုကဲ့သို့ ဝန်းကျင်ဂေဟစနစ် စုံလင်ပြီး ဇီဝမျိုးစုံမျိုးကွဲများစွာ တည်ရှိနေသည့်အတွက် နိုင်ငံ၏ သဘာဝအမွေအနှစ် တစ်ခုအဖြစ် ရေရှည် ထိန်းသိမ်းသွားနိုင်ရန် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်၍ သစ်တောဦးစီးဌာနသည် သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန အုပ်ချုပ်ရေးမှူး ရုံးကို ဖွင့်လှစ်ကာ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
အင်းတော်ကြီးဒေသသည် မြန်မာ နိုင်ငံအတွက်သာမက ဒေသတွင်းအာဆီယံ အဆင့်ပါ ထိန်းသိမ်းသင့်သော သဘာဝ အမွေအနှစ်တစ်ခု ဖြစ်သည့်အတွက် ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခြင်းခံရသည်။

ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်
ထို့အတူ အင်းတော်ကြီးဒေသသည် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းရှိ အရေးကြီးသော ရေဝပ် ဒေသအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ် ခံရသည်။ အလားတူ UNESCO အသိ အမှတ်ပြု လူသားနှင့် ဇီဝအဝန်းနယ်မြေ အစီအစဉ်အောက်ရှိ ဇီဝအဝန်းနယ်မြေ အဖြစ်၊ Wetland Link International-WLI (Asia) အဖြစ် မှတ်တမ်းဝင်သည့် ဝန်းကျင်ဒေသတစ်ခုဖြစ်လာခဲ့သည်။
ထိုကဲ့သို့ နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ ထိန်းသိမ်းသင့်သည့် ဝန်းကျင်ဒေသတစ်ခု ဖြစ်သည့်အတွက် သစ်တောဦးစီးဌာန သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန သည် အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်လုပ်ကိုင်မှု စီမံချက် (၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ ခုနှစ် - ငါးနှစ် )နှင့် တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ ခုနှစ်အထိ- ဆယ်နှစ်) စီမံချက်တို့ကို ရေးဆွဲကာ ဘေးမဲ့တော ပတ်ဝန်းကျင်ရှိ မိုင်းနောင် ကျေးရွာ၊ ဟဲပုကျေးရွာ၊ နန့်မွန်းမြို့နှင့် ရွှေတောင်တို့တွင် ထိန်းသိမ်းရေး ကင်းစခန်းများထားရှိပြီး ထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ကင်းလှည့်ထိန်းသိမ်း
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ သစ်တောဦးစီးဌာန ဝန်ထမ်းများသည် ကန်အတွင်းနှင့် ဆက်စပ်ဧရိယာများတွင် တရားမဝင် လုပ်ငန်းများ လျော့နည်းပပျောက်စေရန် နှင့် တိရစ္ဆာန်များ ဖမ်းဆီးခြင်း၊ သတ်ဖြတ် ခြင်းမရှိစေရန်၊ သတ်မှတ်ထားသည့် ဇုန်စည်းကမ်းများအား လိုက်နာစေရန် ကင်းလှည့်ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင် ကျေးရွာရှိ ကျောင်းများနှင့် ဒေသခံ ပြည်သူများအား ထိန်းသိမ်းရေးနှင့် ကင်းလှည့် ထိန်းသိမ်းရေးလုပ်ငန်းများ တွင် ပူးပေါင်းပါဝင်လာစေရန် ပညာပေး ဟောပြောခြင်း၊ ဘေးမဲ့တောအတွင်း မျိုးစိတ်များတိုးပွားမှု၊ လျော့နည်းမှုနှင့် ပျံ့နှံ့ကျက်စားမှု စောင့်ကြည့်လေ့လာခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။

ထို့အတူ ကန်ပတ်ဝန်းကျင်ရှိ ရေနေပင် စာရင်းကောက်ယူခြင်း၊ ငါးမျိုးစိတ် စာရင်း ကောက်ယူခြင်း၊ ရေအတိမ် အနက်နှင့် အရည်အသွေးတိုင်းတာခြင်း စသည့် နေရင်းဒေသ ပြန်လည် တည်ထောင်ခြင်း လုပ်ငန်းများကို နှစ်အလိုက် လုပ်ငန်းလျာထားချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
စဉ်ဆက်မပြတ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောတွင် ကျွန်း၊ သဒီ၊ ကညင်၊ ကနစို၊ ရေမနေ၊ ထောက်ကြံ့၊ စံကားဝါ၊ တောင်တမာ၊ ဘိုင်၊ သစ်ဆိမ့်၊ ကျီးလန်၊ သဖန်း၊ ဖန်ခါး၊ ခပေါင်း စသည့်သစ်မျိုး ၁၄၈ မျိုး၊ ဆေးဖက်ဝင်အပင် ၁၁၈ မျိုး၊ ဝါးခုနစ်မျိုး၊ ကြိမ်ငါးမျိုး၊ သစ်ခွ ၇၅ မျိုး၊ အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ် ဒေသများနှင့် ရာသီအလိုက် ရေမြုပ်တော များတွင် မြက် ၁၄ မျိုး၊ ရေနေပင် ၁၅၇ မျိုး ရှင်သန်ပေါက်ရောက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန၏ သုတေသနပြု စာရင်းများအရ သိရသည်။
“အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းကနေ မှတ်တမ်း တင်ထားခြင်းမရှိသေးတဲ့ ဂျင်းမျိုးစိတ် အသစ်တစ်မျိုးကိုလည်း ၂၀၁၆ ခုနှစ်က တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တယ်။ ဘေးမဲ့ တောမှာ မျိုးသုဉ်းဖို့ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်မျိုးစိတ် တွေ့ရှိသလို မှတ်တမ်း သစ် တွေ့ရှိတာတွေလည်း ရှိပါတယ်။ မှတ်တမ်းသစ် မျိုးစိတ်အဖြစ် ဘေးမဲ့ တောအတွင်းမှာ ငါးမျိုးစိတ် လေးမျိုး၊ ထုံးကျောက်တောင် တောက်တဲ့ နှစ်မျိုး၊ ရေကင်းလိပ်လျှောတစ်မျိုး၊ မြွေတစ်မျိုး နှင့် ရေပုတ်သင်တစ်မျိုး သုတေသနပြု မှတ်တမ်းတင်နိုင်ခဲ့တယ်”ဟု သစ်တော ဦးစီးဌာန သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာန အင်းတော် ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ကန်အတွင်း ကျက်စားလျက်ရှိသော မျိုးစိတ်များ
ဘေးမဲ့တောအတွင်း ပြောင်၊ တောဆိတ်၊ တောင်ဆိတ်၊ ဂျီ၊ အင်းကျား၊ သစ်ကြောင်၊ မျောက်ပုတီး၊ ဟူးလော့ မျောက်လွှဲကျော်၊ ရှူးပျံနီနှင့် မျိုးသုဉ်း ရန် အန္တရာယ်ရှိသော ဒရယ်မျိုးစိတ် စသည့် နို့တိုက်သတ္တဝါ ၄၇ မျိုး၊ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် (CR) ဖြစ်သည့် လင်းတ နှုတ်သီးရှည်၊ လင်းတကျောဖြူနှင့် နဖားကြူး စသည့်သစ်တောငှက်မျိုး စိတ် ၄၀၀၊ ငှက်ကြီးဝန်ပို၊ ငှက်ကြီး ဒုံးစပ်၊ ဘဲခေါင်းစိမ်း၊ ကြိုးကြာခေါင်းနီ စသည့်ရေပျော်ငှက်မျိုးစိတ် ၁၀၅ မျိုး၊ လိပ်ပြာမျိုးစိတ် ၅၀၊ မျိုးစိတ်သစ် ငါးမျိုးစိတ် လေးမျိုးအပါအဝင် ငါးမျိုး စိတ် ၉၅ မျိုး၊ မျိုးစိတ်အသစ်များ ဖြစ်သည့် ထုံးကျောက်တောင် တောက်တဲ့နှစ်မျိုး၊ ရေကင်းလိပ်လျှောတစ်မျိုး၊ မြွေ တစ်မျိုးနှင့် ရေပုတ်သင်တစ်မျိုး အပါအဝင် ကုန်းနေရေနေနှင့် တွားသွား သတ္တဝါမျိုးစိတ် ၉၁ မျိုးရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သစ်တောဦးစီးဌာန အနေဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ် ဒေသများ၊ ၎င်းတို့ အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေဝပ် ဒေသ ဂေဟစနစ်များ ရေရှည်တည်တံ့ စေရေးထိန်းသိမ်းရန်၊ အင်းတော်ကြီး ကန်၏ ရေဝေရေလဲဒေသများ၊ ရှင်သန်ကျက်စားသော ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောဂေဟစနစ်များကို ထိန်းသိမ်းရန်၊ သစ်တောနှင့် ရေဝပ်ဒေသများကို ထိန်းသိမ်းခြင်း၊ အကျိုးရှိစွာ အသုံးပြုခြင်းနှင့် ပြန်လည်တည်ထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုကို လျော့ပါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ ဌာနအနေနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ အဓိကကတော့ တစ်ဖက်က သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေပြီး ဒေသခံတွေ အလုပ် အကိုင် အခွင့်အလမ်းတွေရရှိအောင်၊ တစ်ဖက်က ဂေဟစနစ် ထိန်းသိမ်းနိုင် အောင် ဆောင်ရွက်ရင်းနဲ့ ဒီနှစ်ခု ဘက်ညီ မျှတဖို့ ကြိုးပမ်းဖော်ဆောင်ရတာ ဖြစ်ပါ တယ်” ဟု အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးက ဆိုသည်။
ကျေးရွာလူမှုရေး အသင်းအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရန်၊ ရေလုပ်သား အဖွဲ့မှ အင်း၏ထိန်းသိမ်းရေးလုပ်ငန်း များအား ပူးပေါင်းပါဝင်ရန်၊ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ သဘာဝဂေဟစနစ် များအား လေ့လာ၍ အပန်းဖြေအနားယူ နိုင်ရန်၊ ဒေသခံများ၏ လူနေမှုဘဝများကို လေ့လာနိုင်ရန်အတွက်ပါ သစ်တော ဦးစီးဌာနအနေဖြင့် ကြိုးပမ်းဖော်ဆောင် လျက်ရှိသည်။

ပူးပေါင်းအကောင်အထည်ဖော်
အင်းတော်ကြီးကန် ပတ်ဝန်းကျင်ရှိ ဒေသခံများအား စနစ်ကျသော အမှိုက် စွန့်ပစ်မှု၊ အညစ်အကြေးစွန့်ပစ်မှုစနစ် (မိလ္လာစနစ်)များဖြစ်လာရေး၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်း စတင် အကောင်အထည် ဖော်ဆောင်နိုင်ရေး၊ အင်းတော်ကြီး သဘာဝလယ်ယာသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ဖော်ဆောင် နိုင်ရေး၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ ဖွံ့ဖြိုးလာစေရေး၊ ရေလုပ်သားများအတွက် စဉ်ဆက်မပြတ် ငါးသယံဇာတများ ထုတ်ယူသုံးစွဲနိုင်ရေး စသည့် လုပ်ငန်းများကို သစ်တောဦးစီး ဌာနနှင့် Fauna and Flora International-FFI (Myanmar Programme) အဖွဲ့တို့ ပူးပေါင်း အကောင်အထည်ဖော်လျက် ရှိသည်။
အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရန်အတွက် အစားအစာနှင့် စားကျက်များကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိသည်။
သို့ဖြစ်၍ သစ်တောဦးစီးဌာန အနေဖြင့် ဘေးမဲ့တောထိန်းသိမ်းရေး လုပ်ငန်းများကို တစ်ဖက်မှ ဆောင်ရွက် လျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း ဒေသခံများအနေဖြင့် ဂေဟစနစ်ကို မှီတည်ပြီး အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို ရေရှည်အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းရေး အသိပညာ မြင့်မားလာစေရန်တို့ကို ကြိုးပမ်းဖော်ဆောင်လျက်ရှိရာ ပြည်သူ များအနေဖြင့်လည်း မြန်မာ့အမွေ၊ ကမ္ဘာ့အမွေအဖြစ် တည်ရှိနေသည့် အင်းတော်ကြီးကန် ဝန်းကျင်ဒေသ ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေရန် အတွက် ပူးပေါင်းပါဝင် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။