ဗန်းမော် ၃၀ ဇွန်
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ရေကြောင်း ညွှန်ကြားမှု ဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ရေယာဉ်စီးခရီးသည်များအား ဘေးအန္တရာယ် ကင်းစေရေးအတွက် အသက်ကယ်အင်္ကျီ ဝတ်ဆင်နည်း သရုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက ဧရာဝတီ မြစ်ဆိပ်ကမ်း ရှပ်ပြေးဆိပ်ကမ်းနှင့် ရွှေ ဗန်းမော်ဆိပ်ကမ်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့မရပ်ကွက် ရှပ်ပြေးဆိပ်ကမ်းတွင် ဗန်းမော်မှ ရွှေကူ -ကသာ ထွက်ခွါမည့် မနော်ဇေယျာ မန္တလစက် လှေ အမြန်ရေယာဉ်ပေါ်ရှိ ခရီးသွားပြည်သူများအား မြို့နယ်မီးသတ်စခန်း မှ ဒုဦးစီး အရာရှိ ဦးစည်သူအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံဝတ်ဆင်နည်းကို သရုပ်ပြသ၍ အသိပညာပေး ပြောကြားခဲ့ကြပြီး ခရီးသည်များက အသက်ကယ်အင်္ကျီ ကိုလက်တွေ့ ဝတ်ဆင်ပြသခဲ့ကြသည်။
ထိုနောက် အလယ်ရပ်ကွက်ရွှေ ဗန်းမော်ဆိပ်ကမ်းတွင်ဗန်းမော်မှ ရွှေကူသို့ထွက်ခွါမည့် စက်လှေ အမြန်ရေယာဉ် (ဒေသအခေါ် ရှော်တယ်ရေယာဉ်လိုင်း)ပေါ်ရှိ ရေယာဉ်စီး ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံ ဝတ်ဆင်နည်းကို သရုပ်ပြသ၍ အသိပညာပေး ပြောကြားခဲ့ကြပြီး ခရီးသည်များက အသက်ကယ်အင်္ကျီကို လက်တွေ့ဝတ်ဆင်ပြသခဲ့ကြသည်။
ယခုအခါ ဧရာဝတီမြစ်ရေသည် မြင့်တက်လျှက်ရှိ ရာဗန်းမော်မြို့၏စိုးရိမ်ရေ အမှတ်သည် ၁၁၅၀ စင်တီမီတာ ဖြစ်သည်။ ဇွန် လ ၃၀ ရက်နေ့ မွန်းလွဲ၁၂ နာရီ ခွဲ တိုင်းတာချက်အရဗန်းမော်မြို့၏ ဧရာဝတီ မြစ်ရေသည် ၉၈၅ စင်တီမီတာရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးထံမှ သိရသည်။
ဆီမီးခုံ-နန်းရီ


