မြိတ် ၅ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းရိုးတန်းတစ်လျှောက်နှင့် ပင်လယ်ပြင်တစ်လျှောက် အသွားအပြန် ပြေးဆွဲပေးလျက်ရှိသော သစ်သားခွံကုန်တင်စက်လှေများl အမြန်ရေယာဉ်များနှင့် အပျော်စီး ရေယာဉ်များအတွက် မိုးကာလတွင် ဖြစ်ပွားနိုင်သော သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တနင်္သာရီ တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနက သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ ၂၀၁၉ ခုနှစ် သြဂုတ် ၂ ရက် နေ့ ထုတ်ပြန်ချက်အရ လေတိုက်နှုန်းတစ်ရီလျှင် မိုင်(၄၀)နှင့်ပင်လယ်ပြင်အခြေအနေမှာလှိုင်းကြီးမည်ဖြစ်သောကြောင့် မြိတ်- ကျွန်းစု-မြိတ် ခရီးစဉ်ပြေးဆွဲနေသော အမြန်ရေယာဉ်များမှလွှဲ၍ သစ်သားခွံကုန်တင်စက်လှေများl အပျော်စီး ရေယာဉ်များနှင့် ကျန်ခရီးသည်တင်အမြန်ရေယာဉ်များအားလုံး ထွက်ခွာခွင့် လုံးဝ (လုံးဝ) မပြုကြောင်း အသိပေးအကြောင်းကြားထားကြောင်းသိရသည်။
မြိတ်-ကျွန်းစု- မြိတ်ခရီးစဉ်ပြေးဆွဲမည်ခရီးသည်တင် အမြန်ရေယာဉ်များအနေဖြင့် ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်ပါ၍ ခရီးသည်များအားလုံးကို ရေယာဉ်အတွင်း၌သာစီးနင်းကြရန် ရေယာဉ်ပြင်ပနှင့် ခေါင်မိုးပေါ်တွင် လုံးဝစီးနင်းခြင်းမပြုကြရန်နှင့် ရေယာဉ်အားဂရုစိုက်မောင်းနှင်ကြရန်
တနင်္သာရီတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန့်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။
သတိပေးညွှန်ကြားချက်များသည် ရေယာဉ်ကိုယ်ထည်နှင့် စက်ကိရိယာများကို ပြုပြင်ထိန်းသိမ်းရန်၊ ရေယာဉ်များပေါ်တွင် အသက်ကယ်အင်္ကျီ၊ မီးသတ်ပစ္စည်းနှင့် အချက်ပေး/အချက် ပြပစ္စည်းကိရိယာများ စုံလင်စွာထားရှိပြီး အသင့်အသုံးပြုနိုင်အောင် ဆောင်ရွက်ထားရန်၊ မိုးကာအသုံးပြုမှုကြောင့် ဖြစ် ပေါ်နိုင်သည့် ဘေးအန္တရာယ်များကို သတိပြုရန်၊ ရေယာဉ်များ ခုတ်မောင်းစဉ်/ ကျောက်ချထားစဉ်နှင့် ဆိပ်ကမ်းများတွင် ရပ်နားထားစဉ် အချက်ပြအမှတ်အသား၊ အချက်ပြမီးနှင့် အသံပေးကိရိယာများကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ အသုံးပြုကြရန်နှင့် စည်းကမ်းမဲ့စွာ ခုတ်မောင်းမှုများမပြုလုပ်ကြရန်စသည်တို့ကို တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


