ဘားအံ ဇွန် ၁၇

 

ကရင်ပြည်နယ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီမှ ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော်၊ သေဋ္ဌမာရ် အောင်ဘုရားကြီးနှင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့(၁၅)ဖွဲ့သို့ အမှိုက်ပုံးကြီးများ လွှဲပြောင်းပေးအပ် သည့်အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။

 

လိုက်နာဆောင်ရွက်ကြဖို့လို

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပတ်ဝန်းကျင် မထိခိုက်စေသော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ကာလတို၊ ကာလလတ်၊ ကာလရှည် ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးနှင့် ပြည်သူများ အနေဖြင့်လည်း ပလတ်စတစ်ထုတ်ကုန်များ အသုံးပြုရန် ငြင်းဆန်ခြင်း၊ လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည် ပြုပြင်ထုတ်လုပ်ခြင်းနှင့် အသုံးပြုမည့် နေရာများသို့ပြန်လည်ပို့ဆောင် ခြင်းနည်းလမ်းများကို အလေ့အကျင့်ဖြစ်လာသည်အထိ လိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

 

လွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီအနေဖြင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု အဖွဲ့များသို့ အမှိုက်အိမ် ၁၃ လုံး၊ အမှိုက်ပုံးကြီး ၄၉ ပုံးနှင့် အမှိုက်ပုံး ၃၀ တို့ကို ဖြန့်ဝေပြီးစီးခဲ့ပြီး ယနေ့ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်နှင့် ဘေးအန္တရာယ်ရှိအမှိုက်ဟူ၍ အမှိုက်ခွဲခြား စွန့်ပစ်နိုင်ရန် ရွှေယဉ်မျှော်ပြည်တော်ဧစေတီ တော်၊ သေဋ္ဌမာရ်အောင်ဘုရားကြီးအောင်နှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့ ၁၅ ဖွဲ့သို့ အမှိုက်ပုံး လေးပုံးစီ စုစုပေါင်းငွေကျပ် သုံးဆယ်ခြောက်သိန်းနှစ်သောင်း တန်ဖိုးရှိ အမှိုက်ပုံး ၆၈ ပုံးကို လွှဲပြောင်းပေးအပ်သည်။

 

အခမ်းအနားအပြီးတွင်အစည်း အဝေးခန်းမ(၂)အရှေ့၌ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ များမှ တာဝန်ရှိသူများက စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုကို သရုပ်ပြသစွန့်ပစ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)