၂၉ နိုဝင်ဘာ
ရေယုန်ဆိုတာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ နှုတ်ခမ်းတဝိုက်မှာ အရည်ကြည်ဖုများ ပေါက်ခြင်းဖြစ်တယ်။ တခါတရံအစုလိုက်ပေါက်တတ်ပြီး အဖုများပေါက်သွားတဲ့အခါ အသားမာအဖြစ်၊ အနာအဖြစ်ကျန်ခဲ့တတ်ပါတယ်။ အနာကျက်ရန် ရက်သတ္တပတ် အနည်းငယ်ကြာတတ်ပေမယ့် အမာရွတ်တော့မကျန်ခဲ့တတ်ပါဘူး။
ရေယုန်တွေက အနာကိုထိတွေ့မိပါက ကူးနိုင်ပါတယ်၊ ဥပမာ-အနမ်းပေးခြင်းကဲ့သို့ဖြစ်တယ်။ ရေယုန်ဗိုင်းရပ်စ် Herpes Simplex Virus(ဟားပီးစ် ဆင်းပလတ်စ် ဗိုင်းရပ်စ်) (HDV-1) နဲ့ HSV-2 တို့ကြောင့်ဖြစ်ရခြင်းဖြစ်တယ်။ ဗိုင်းရပ်စ်နှစ်မျိုးစလုံးက ပါးစပ်နဲ့ လိင်အင်္ဂါနေရာများကို ထိခိုက်စေတတ်ပါတယ်။ HSV-2 ကတော့ များသောအားဖြင့် လိင်အင်္ဂါနေရာမှာပဲ အနာဖြစ်စေတယ်။ ခံတွင်းဖြင့် ကာမစပ်ယှက်တဲ့အခါမျိုးမှာ ကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်ရှိတာနဲ့ ရေယုန်ပေါက်မယ်လ ို့ မဆိုလိုပါဘူး။ အနာတွေမတွေ့ရလည်း ရောဂါပိုးကူးစက်နေတာဖြစ်နိုင်ပါတယ်။
အခုအချိန်ထိ HSV ဗိုင်းရပ်စ်အတွက် ကုသဖို့ဆေးမရှိသေးပါဘူး။ ဆိုလိုတာက လက္ခဏာတွေက အချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်။ အတတ်နိုင်ဆုံးကုသမှုကတော့ အနာများအမြန်သက်သာပြီး ပြန်ဖြစ်တာကိုလျှော့ချဖို့ ဗိုင်းရပ်စ်သတ်ဆေးများသာ သုံးနိုင်ပါသေးတယ်။
အဖြစ်များတဲ့လက္ခဏာတွေ
ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ herpes simplex gingivostomatitis(ဂျင်ဂျီဗိုစတိုမတိုင်းတစ်ဆ်) လို့ခေါ်တယ်။ ငါးနှစ်ထက်ငယ်တဲ့ကလေးတွေမှာဖြစ်နိုင်ပြီး လက္ခဏာတွေကတော့-
• သွားဖုံးရောင်ရမ်းနာကျင်ခြင်း
• ပါးစပ်တဝိုက်အနာငယ်များပေါက်ခြင်း
• လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း
• မကြာခဏသွားရည်ကျခြင်း
• ဖျားခြင်း – ၃၈ ဒီဂရီဆဲလ်စီးယပ်စ် ဝန်းကျင်
• ရေဓါတ်ခန်းခြောက်ခြင်း
• ပျို့ခြင်း
• ခေါင်းကိုက်ခြင်း တို့ဖြစ်တယ်။
herpes simplex gingivostomatitis ဟာကလေးတွေမှာဖြစ်လေ့ရှိပေမယ့် လူကြီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာ ၇ရက်မှ ၁၄ ရက်ခန့်ထိကြာနိုင်ပြီး၊ အနာကျက်ဖို့ သုံးပတ်လောက်ကြာကာ ပြန်တော့မဖြစ်တတ်ပါဘူး။
ပထမဆုံးအကြိမ်လက္ခဏာတွေပြတဲ့အခါ ‘ပထမဆုံး၊ကနဦး ရောဂါပိုးဝင်ခြင်း’ လို့သတ်မှတ်တတ်ပြီး အာသီးရောင်ကာ၊ သို့မဟုတ် အာသီးရောင်ခြင်းမရှိဘဲ လည်ချောင်းနာတတ်ပါတယ်။ ပါးစပ်တဝိုက်မှာ အနာများပေါက်ပြီး ခံတွင်းနံ့ဆိုးတတ်တယ်။ အနာတွေက အလည်ဗဟိုမှာ အဝါရောင် သို့မဟုတ် မီးခိုးရောင်တွေ ဖြစ်တတ်ပါတယ်။
HSV ဗိုင်းရပ်စ်ရှိတဲ့ ကလေးတွေဟာ နောက်ပိုင်းမှ ရေယုန်တွေထပ်ပြီးပေါက်လာနိုင်ပါတယ်။ အခါအားလျော်စွာ ထပ်ကာထပ်ကာ ပေါက်လာနိုင်ပြီး ပထမဆုံးအကြိမ်လောက်တော့ မပြင်းထန်တော့ပါဘူး။
HSV ဗိုင်းရပ်စ်နောက်တစ်ကြိမ်ရောဂါပြန်ဖြစ်ခြင်းတွေဟာ ပထမဆုံးအကြိမ်တွေထက်ပိုပြီး သက်သာပါတယ်။ အချိန်လည်းပိုတိုပြီး ပြင်းထန်မှုလည်း အရင်ထက်နည်းလေ့ရှိတယ်။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း မရှိတတ်တော့ဘဲ ရေယုန်တွေပေါက်ရုံလောက်ပဲဖြစ်တတ်ပါတယ်။ အာသီးတော့ရောင်ကောင်းရောင်နိုင်ပါသေးတယ်။
ရေယုန်တွေရဲ့ အချက်ပြလက္ခဏာတွေကတော့ ပါးစပ်တဝိုက်မှာ ယားယံမယ်၊ စပ်ဖျင်းဖျင်းဖြစ်ပါလိမ့်မယ်။ ပြီးတဲ့အခါ အောက်နှုတ်ခမ်းစွန်းမှာ အရည်ကြည်ဖုလေးတွေပေါက်လာပါမယ်။
နောက်တစ်ကြိမ်ပြန်ပေါက်တဲ့ရေယုန်တွေဟာ ပထမအကြိမ်နဲ့ နေရာတူတူပြန်ပေါက်တတ်ပါတယ်။ အရွယ်အစားကတော့ ပိုကြီးလာပြီး ပိုနေရထိုင်ရခက်စေနိုင်ပါတယ်။ အချက်ပြလက္ခဏာစပေါ်ချိန်မှ ၄၈ နာရီအကြာလောက်မှာ အဖုတွေပေါက်သွားကာ အရည်တွေထွက်လာပြီး နောက်အနာကျက်သွားပါတယ်။ ကုသမှုမရှိလည်း ၇ ရက်မှ ၁၀ ရက်အတွင်း ပျောက်တတ်ပြီး အမာရွတ်မကျန်ခဲ့ပါဘူး။
ဘာတွေကဖြစ်စေလဲ
HSV ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ ဗိုင်းရပ်စ်နှစ်မျိုးရှိပါတယ်။
HSV-1 ဗိုင်းရပ်စ်– ထိုဗိုင်းရပ်စ်က များသောအားဖြင့် နှုတ်ခမ်းတဝိုက်ရေယုန်တွေသာပေါက်စေပြီး HSV-2 ဗိုင်းရပ်စ်ကတော့ လိင်အင်္ဂါနေရာတွေမှာ အနာတွေ၊ ရေယုန်တွေဖြစ်စေလေ့ရှိပါတယ်။
ဒါပေမယ့် နှစ်မျိုးစလုံးက နှစ်နေရာစလုံးမှာ ရေယုန်ပေါက်နိုင်စေပါတယ်။ တချို့အခါတွေမှာ ရောဂါပိုးကူးစက်ထားပေမယ့် ရေယုန်လုံးဝမပေါက်တာ၊ လက္ခဏာတွေမပြတာလည်းဖြစ်နိုင်ပါတယ်။
အနာတွေကနေ အရည်တွေထွက်နေတဲ့အခါ ကူးစက်နိုင်နှုန်းအများဆုံးဖြစ်တယ်။ ဒါပေမယ့် လက္ခဏာမပြဘဲ ပိုးရှိနေတာလည်းဖြစ်နိုင်တာကြောင့် ရေယုန်မပေါက်လည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။ HSV ဗိုင်းရပ်စ်နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိတွေ့မိပါက ရောဂါကူးစက်နိုင်ပါတယ်။ စားသောက်ပစ္စည်းများအတူတူသုံးခြင်း၊ မုတ်ဆိတ်ရိတ်ဓါး တူတူသုံးခြင်း၊ နမ်းခြင်း တွေဟာ HSV-1 ဗိုင်းရပ်စ်ကူးစက်စေပြီး ခံတွင်းဖြင့်ကာမစပ်ယှက်ခြင်းက HSV-1 ကိုလိမ်အင်္ဂါဆီကူးစေပြီး HSV-2 ကိုပါးစပ်ဆီကူးစေနိုင်ပါတယ်။
ရေယုန်အနာတွေပျေက်သွားတာဟာ ဗိုင်းရပ်စ်မရှိတော့ဘူး လို့ဆိုလိုတာမဟုတ်ပါဘူး။ ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲမှာနေပြီး ရေယုန်တွေပြန်ပြန်ဖြစ်စေနိုင်ပါတယ်။
လက္ခဏာတွေပြန်ပေါ်လာအောင် လှုံ့ဆော်နိုင်တဲ့ အရာတွေကတော့-
• ဖျားခြင်း၊ အခြားဗိုင်းရပ်စ်ပိုးတစ်မျိုးထပ်ဝင်ခြင်း
• ဟော်မုန်းပြောင်းလဲခြင်း (ဓမ္မတာလာချိန်ကဲ့သို့)
• စိတ်ဖိစီးမှု
• ပင်ပန်းနွမ်းနယ်ခြင်း
• နေ၊ လေ ထိခြင်း
• ကိုယ်ခံအားစနစ်ပြောင်းလဲခြင်း
ကုသမှု
ကံဆိုးစွာနဲ့ပဲ ရေယုန်အနာတွေကိုရော HSV ဗိုင်းရပ်စ်ကိုရော ကုသနည်းမရှိသေးပါဘူး။ ရေယုန်တွေက သူ့အလိုလိုပျောက်သွားတတ်ပြီး အမြန်ပျောက်ဖို့အတွက်တော့ ခရင်တစ်မျိုးမျိုး၊ ဆေးတစ်မျိုးမျိုး သုံးပေးနိုင်ပါတယ်။
ပထမဆုံးရောဂါပိုးဝင်ခြင်းအတွက်
ပထမဆုံးအကြိမ်အနာတွေအတွက်ကတော့ ဗိုင်းရပ်စ်သတ်ဆေးသောက်ဆေးတချို့က နာကျင်မှုသက်သာစေနိုင်ပြီး အမြန်အနာကျက်စေနိုင်ပါလိမ့်မယ်။
ကလေးတွေအတွက် ပထမဆုံးအကြိမ်ဖြစ်တဲ့ အနာတွေဟာ နာကျင်လွန်းတာကြောင့် စားသောက်ဖို့၊ အိပ်ဖို့ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ကလေးကိုရေသောက်ဖို့၊ အရည်တွေသောက်ဖို့ အားပေးခြင်းဖြင့် ရေဓါတ်မဆုံးရှုံးအောင် ကာကွယ်ရပါမယ်။
လူကြီးတွေနဲ့ ကလေးကြီးတွေအတွက်တော့ အနာသက်သာစေဖို့ ပါးစပ်ဆေးရည်တစ်မျိုး သုံးစွဲနိုင်ပါတယ်။
ပြန်ဖြစ်သောအနာတွေအတွက်
နောက်တစ်ကြိမ်ပြန်ဖြစ်တဲ့အခါ ဒီအချက်တွေနဲ့ နေရာသက်သာစေနိုင်ပါတယ်-
ခရင် လိမ်းဆေးတွေဟာ နာကျင်မှု၊ ယားယံမှုကိုသက်သာစေနိုင်ပြီး အနာကျက်မြန်စေပါလိမ့်မယ်။
ဗိုင်းရပ်စ်သတ်ဆေးသောက်ဆေးတွေဟာလည်း ပထမဆုံးလက္ခဏာတွေ (ယားယံခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း) တွေဖြစ်စဉ် သောက်ထားနိုင်ပါတယ်။ အနာပေါက်ချိန်မှသောက်ရင် အာနိသင်သိပ်မရှိတတ်ပါဘူး။
မကြာခဏ အနာတွေပေါက်တတ်သူတွေအတွက် နေ့စဉ်ဗိုင်းရပ်စ်သတ်ဆေးမှီဝဲခြင်းဖြင့် ပြန်ဖြစ်နှုန်းကို လျှော့ချနိုင်ပါလိမ့်မယ်။
ကိုယ်ခံအားနည်းသူတွေအတွက်ကတော့ ရေယုန်ပြန်မပေါက်အောင် ကာကွယ်နိုင်ဖို့အတွက် ဆေးပမာဏပိုများများလိုပါလိမ့်မယ်။
ဒါကြောင့် ရေယုန်ပေါက်ခြင်းကာကွယ်ဖို့၊ လက္ခဏာတွေသက်သာစေဖို့အတွက် ကိုယ်ခံအားစနစ်အားကောင်းအောင် အားဖြည့်ဆေးများမှီဝဲသင့်ပါတယ်။ ဗီတာမင်-စီ၊ လိုင်ဆင်း(lysine) တွေဟာ ရေယုန်ပေါက်ချိန်မှာ သက်သာရာစေမယ့် အားဖြည့်ဆေးတချို့ဖြစ်တယ်။ ဗီတာမင်-စီကို ဆေးပြားအဖြစ် သောက်နိုင်သလို၊ အနာပေါ်မှာ ခရင်အဖြစ် သို့မဟုတ် အရည်အဖြစ်လည်းလိမ်းနိုင်ပါတယ်။ Lysine ကို ဆေးပြားအနေနဲ့သောက်နိုင်ပြီး၊ Lemon ပါတဲ့ လိမ်းဆေးတွေသုံးနိုင်ပါတယ်။ Zinc oxide လိမ်းဆေးတွေဟာလည်း လက္ခဏာများကို အချိန်တိုတိုနဲ့ပျောက်ကင်းဖို့ ကူညီပေးပါတယ်။
ရေးသားသူ Dr.Aye Myat Myat Noe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”