ပေါင် ၂၄ မတ်
ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာတွင် ရဟန်းခံရှင်ပြုလှည့်လည်ရန် ရောက်ရှိနေသော ဆင်ထီးတစ်ကောင်မှ လန့်ပြီး မဏ္ဍပ်အတွင်းရှိ လူများအား အန္တရာယ်ပြုသဖြင့် လေးဦးဒဏ်ရာရရှိကြောင်း သိရသည်။
ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာ သဗြုချောင်ကျေးရွာ နယ်မြေ ၈ မှ အလှူရှင် ဦးဇင်ယော်အိမ်တွင် ယနေ့နံနက် ၇ နာရီအချိန်က ရှင်ပြုလှည့်ရန် ရောက်နေသော ဆင်ထီးတစ်ကောင်သည် အလှူရှင် ရွှေမိုးငွေမိုးရွာကြဲနေစဉ် လုယူနေသော လူများကြောင့် လန့်ဖြတ်ကာ အနီးရှိလူများကို အစွယ်ဖြင့်ထိုးခြင်း၊ တက်နင်းခြင်း၊ နှာမောင်းဖြင့် ရိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ဆင်ပိုင်ရှင်လည်းဖြစ်၊ ဆင်ဦးစီးလည်းဖြစ်သော ဘီးလင်းမြို့နယ် လေးကေကျေးရွာနေသူ ဦးမွန်းလွဲ အပါအဝင် လူလေးယောက် ဒဏ်ရာရရှိပြီး သထုံနှင့် ရန်ကုန်ဆေးရုံများသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။
"အိမ်ရှင်က ရွှေမိုးငွေမိုးရွာနေတုန်း ကလေးတွေက လုကြတာဆိုတော့ ဆင်လန့်ပြီး လူတွေကိုရန်ပြုတာပါ မဏ္ဍပ်ကိုလည်း ဖျက်ဆီးထားတယ် လောလောဆယ်တော့ သထုံဆေးရုံကို ၂ ယောက် ရန်ကုန်ဆေးရုံကို ၂ ယောက်ပို့ထားတယ် " ဟု ရင်းငြိမ်မြောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က ပြောသည်။
ဆင်အစွယ်ဖြင့် ထိုးခြင်းခံရသူ အသက် ၆ နှစ်အရွယ် မောင်ကောင်းထက်စံမှာ ပေါင်ပြဲဒဏ်ရာ၊ ဆင်အစွယ်ဖြင့်ထိုးမိခဲ့သူ မောင်စိုးမင်းထွန်းမှာ နံရိုးကျိုးဒဏ်ရာ၊ မယမင်းဦး ၈ နှစ်သည် ဆင်နှာမောင်းဖြင့် ရမ်းလိုက်ခြင်းကြောင့် မဏ္ဍပ်တိုင်နဲ့ဆောင့်မိကာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး ဆင်ဦးစီး ဦးမွန်းလွဲမှာ ဆင်ပေါ်ကကျပြီးနင်းမိသဖြင့် ခြေသလုံးကျိုးဒဏ်ရာများရရှိခဲ့ပြီး နယ်မြေရဲစခန်းမှ ဆင်ဦးစီးအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
နန္ဒကျော်စွာ