ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှ စိတ်ဝင်စားဖွယ် အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် ရီးရဲမက်ဒရစ်နှင့် ဂျူဗင်တပ်စ်အသင်းပွဲစဉ်တွင် ရီးရဲမက်ဒရစ်အသင်းက အကြိတ်အနယ်ယှဉ်ပြိုင် ကစားပြီး တစ်ဂိုး-ဂိုးမရှိ ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဂျူဗင်တပ်စ် အသင်းသည် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ပြိုင်ဘက်ရီးရဲမက်ဒရစ်အသင်း၏ ဖိအားပေး တိုက်စစ်ဆင်မှုများကိုသာ ပွဲချိန်တစ်လျှောက် ခုခံကာကွယ်ခဲ့ရသည်။ ဂျူဗင်တပ်စ်အသင်း ဂိုးသမား ဒီဂရီဂေါ်ရီယိုသည် ရီးရဲမက်ဒရစ်အသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများစွာကို လက်စွမ်းပြကာကွယ်ထားနိုင်ခဲ့သည်။
ရီးရဲမက်ဒရစ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၅၄ မိနစ်တွင် အာနိုး၏ ဖန်တီးမှုကို ဂွန်ဇာလိုဂါစီယာက ခေါင်းတိုက်အဆုံးသတ် သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်စ် အသင်းသည် ရီးရဲမက်ဒရစ်အသင်းဘက်သို့ ဂိုးရရှိနိုင်သည့် အခွင့်အရေးဖန်တီးထားနိုင်ခြင်းမရှိပေ။
ရီးရဲမက်ဒရစ်အသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဒေါ့မွန်အသင်းနှင့် ဇူလိုင် ၆ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှ အခြား ပွဲစဉ်ရလဒ်တွင် ဒေါ့မွန်အသင်းက မက္ကဆီကိုကလပ် မွန်တာရေးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင် ခဲ့သည်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားအပြီးတွင် ကွာတားဖိုင်နယ် သို့ ချယ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန် မြူးနစ်၊ ရီးရဲမက်ဒရစ်၊ ဒေါ့မွန် စသည့် နာမည်ကြီးအသင်းများ တက်လှမ်းနိုင်ခဲ့သည်။ ကွာတား ဖိုင်နယ်တွင် ဖလူမီးနိစ်က အယ်ဟီလယ်၊ ပါးမီးယပ်စ်က ချယ်ဆီး၊ ပီအက်စ်ဂျီက ဘိုင်ယန်မြူးနစ်၊ ရီးရဲမက်ဒရစ်က ဒေါ့မွန်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။
အောင်ဇော်