ရီယို ရေနံချက်စက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွား၊ ထိခိုက်သေဆုံးသူ မရှိ

ယမန်နေ့က ဘရာဇီးနိုင်ငံရှိ Manguinhos ရေနံချက်စက်ရုံ မီးလောင်ကျွမ်းခဲ့ရာ အကြီးအကျယ် ပျက်စီးခဲ့သော်လည်း ဒဏ်ရာရသေဆုံးသူ မရှိခဲ့ပေ။

 

အဆိုပါ ရေနံချက်စက်ရုံ၌ မွန်းလွဲပိုင်းတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး နောက်နှစ်နာရီ အကြာတွင် မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့သည်။

 

ထိုရေနံချက်စက်ရုံ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပြောကြားချက်အရ မီးလောင်ကျွမ်းမှုမှာ လောင်စာတင်ယာဉ်တစ်စီးမှ စတင်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ အခြားသော ကားများသို့ ကူးစက်ပျံ့နှံ့လောင်ကျွမ်းခဲ့ကြောင်းနှင့် မီးသတ်သမားများက ၎င်းရေနံချက်စက်ရုံ၏ အဓိက အဆောက်အအုံ ကို မီးမလောင်ကျွမ်းမီ  မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက မီးလောင်ကျွမ်းသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြသည်။ 

အမျိုးသားရေနံလုပ်ငန်း၏ ပြောကြားချက်အရ ၎င်းမီးလောင်ကျွမ်းမှုက နိုင်ငံတွင်း ရေနံဖြန့်ဖြူးရေးကို ထိခိုက်စေမည် မဟုတ်ဟုဆိုသည်။

ရီယိုဒီဂျနေရိုးမြို့တော်၏ အရေးပါသော အဝေးပြေးလမ်းမကြီးများ၏အနက်  တစ်ခုအနီးတွင်ရှိသည့်  ယင်းရေနံချက်စက်ရုံကို မီးငြိမ်းသတ်ဖို့လွယ်ကူစေရန် ယာယီ ပိတ်ထားခဲ့ပြီး ထိုအနီးနား နေထိုင်သူများကိုလည်း ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို