ရိခေါ်ဒါရ် ၆ သြဂုတ်
ချင်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရပ်ကွက်ပြည်သူများ အသုံးပြုမှုများပြားပြီး အဓိကလမ်းမတစ်ခုဖြစ်သည့် ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် သတ်မှတ်ထားသည့် စီမံကိန်းကာလအတွင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းကို ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် (၁၂)လဘတ်ဂျက် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း ၂၀ ဒသမ ၉၀၀ ဖြင့် တင်ဒါအောင်မြင်သည့် Manipur River Company Limited မှ တာဝန်ယူ ခင်းကျင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး ကွန်ကရစ်လမ်းအရှည် ၂၀ မီတာ၊ လမ်းအကျယ် ၆ မီတာနှင့် ကွန်ကရစ်အထူ သုည ဒသမ ၂၃ မီတာဖြင့် ခင်းကျင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းကို သတ်မှတ်ထားသည့် စီမံကိန်းကာလအတွင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီးဆောင်ရွက်နိုင်ရေးအတွက် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးနိုင်းခေါဂေနှင့်အတူ မြို့စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇောတိကလမ်းသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အနီးရှိ အဓိကကျသည့် လမ်းမတစ်ခုဖြစ်ပြီး ကုန်သည်လမ်းနှင့် ဗိုလ်ချုပ်လမ်းကြား ဆက်သွယ်ထားသော လမ်းမတစ်ခုဖြစ်ကြောင်း၊ ရပ်ကွက်ပြည်သူများ အသုံးပြုမှုများပြားသည့်အပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ပြည်ပနိုင်ငံသားများ ရိရေကန်သို့ လာရောက်လည်ပတ်ရာတွင် အသုံးပြုသည့် လမ်းတစ်ခုလည်းဖြစ်ကြောင်း၊ အဆိုပါလမ်းသည် ယခင်က မြေသားလမ်းတစ်ခုဖြစ်ပြီး မိုးတွင်းကာလအချိန်များတွင် ရွှံဗွက်ထကာ မိုးရေများလမ်းမပေါ်သို့ လျှံထွက်တတ်၍ လမ်းသွားလမ်းလာပြည်သူများ အခက်အခဲ ကြုံတွေ့ရတတ်သဖြင့် ဇောတိကလမ်းတစ်လျှောက် လမ်းဘေးနေအိမ် (၉)အိမ်တို့မှ ငွေကျပ် ၂၀ သိန်း အကုန်ကျခံကာ ကိုယ့်အားကိုယ်ကိုးဖြင့် ကျောက်ချောခင်းလမ်းအဖြစ် ဆောင်ရွက်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းဆောင်ရွက်ခြင်းအားဖြင့် ဆယ့်နှစ်ရာသီပတ်လုံး ပြည်သူများအဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်၍ နယ်စပ်မြို့ဖြစ်သည့် ရိခေါ်ဒါရ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရပ်ကွက်တွင်း သန့်ရှင်းသာယာသပ်ရပ်မှုဂုဏ်ဆောင် လမ်းတစ်ခုဖြစ်လာပါကြောင်း၊ ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်း ဆောင်ရွက်မှုအပေါ် ပြည်သူများ ဝမ်းမြောက်အားရ ကျေနပ်မှုရှိကြောင်း သိရသည်။
ရိခေါ်ဒါရ် (ပြန်/ဆက်)