ရိခေါ်ဒါရ်   ၊  ၂၁    ဇန်နဝါရီ   

 

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတချို့တွင်  ဇန်နဝါရီ ၁၅ ရက်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများအား တိုက်နယ် ဆေးရုံ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ၍ တိုက်နယ်ဆေးရုံအား ခေတ္တပိတ် ထားခဲ့ရာ စောင့်ကြည့်ထားရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ဆေးစစ်ဆေးမှု အဖြေမှာ ရောဂါပိုးမတွေ့ရှိ (All Negative) ဖြစ်ကြောင်း သိရသည်။

 

mdn

 

ရိခေါဒါရ်တိုက်နယ်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတချို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခြင်း ကြောင့် ရိခေါဒါရ်တိုက်နယ်ဆေးရုံအား ဇန်နဝါရီလ ၁၇ ရက်မှစ၍ ခေတ္တပိတ်ပင်ထားခဲ့ခြင်း ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျန်းမာရေးဝန်ထမ်းတို့နှင့် ထိတွေ့မှုရှိနိုင်သည့် အခြားကျန်းမာရေး ဝန်ထမ်း (၉)ဦးတို့နှင့် မိသားစုဝင်(၃)ဦး၊ ပုဂ္ဂိုလ် (၁၂) ဦးတို့အား တိုက်နယ် ဆေးရုံ၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိခဲ့ ပြီး ၎င်းတို့၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် Swab နမူနာကို တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ Contact Case အားလုံး၏အဖြေမှာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိ (Negative) ဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာစန်းမာထံမှ သိရသည်။

 

အဆိုပါ ကျန်းမာရေးဝန်ထမ်းနှင့်အတူ မိသားစုဝင် ၁၂ ဦးတို့အား မိမိတို့နေအိမ်အသီးသီးသို့ Home Quarantine (၇)ရက် ဆက်လက်စောင့်ကြည့်ရန် စေလွှတ်ထားပြီး ရိခေါဒါရ်တိုက်နယ် ဆေးရုံအား ပိုးသတ်ဆေးဖျန်းထားကာ ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူများ ကျန်းမာရေး စောင့်ရှောက် ကုသနိုင်ရေးအတွက် ပြင်ပလူနာကုသခြင်းလုပ်ငန်းကို ပြန်လည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြင်ပလူနာကုသရေးလုပ်ငန်းများကိုတပ်မတော်မှ ဆေးဘက်ဆိုင်ရာ အရာရှိတစ်ဦးနှင့်အတူ အခြားဒေသမှ သူနာပြုဆရာမများက ခေတ္တလာရောက်ကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

လာလ်ပက်လောမ် (ပက်ကာ)