ရိခေါ်ဒါရ် ၊ ၂၂ ဒီဇင်ဘာ    

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်ဦးဆောင်မှုဖြင့် ပညာရေးဌာနနှင့်ပူးပေါင်းကာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှစ်မျိုးကို ဒီဇင်ဘာ ၂၂ ရက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

Online မှတစ်ဆင့် ပြိုင်ပွဲများကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးလာလ်ပက်လောမ်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ Online မှတစ်ဆင့် ပြိုင်ပွဲများ ထုတ်လွှင့်ဆောင်ရွက်မှုနှင့် အမှတ်ပေးခြင်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၁၂)ဦးတို့က “လွတ်လပ်ရေးနေ့”ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၈)ဦးတို့က “လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း” ခေါင်းစဉ်ဖြင့် ပုံပြင်ပြောပြိုင်ပွဲကို လည်းကောင်း အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုများကို Online မှတစ်ဆင့် ထုတ်လွှင့်ကာ အမှတ်ပေးဒိုင်အဖွဲ့များဖြစ်သည့် အထကကျောင်းဆရာ/မများက Online မှတစ်ဆင့် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်မှုအား အမှတ်ပေးဆောင်ရွက်ခဲ့သည်။

ထို့နောက် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)