ရိခေါ်ဒါရ်     ၁၅    အောက်တိုဘာ   

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ ဦးဆောင်မှု၊ မြို့စည်ပင် သာယာရေးအဖွဲ့၊ မြို့စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရပ်ကွက်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် လယ်ယာမြေ ပိုင်ရှင်များ ပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့၌ အဆင့်မြင့်ဈေး တည်ဆောက်ရန် မြေနေရာ ရရှိရေးအတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကို အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အမှာစကား ပြောကြားပြီး ရိခေါ်ဒါရ်မြို့ အဆင့်မြင့်ဈေး တည်ဆောက်ရန် လျာထားဆောင်ရွက်မှု အခြေအနေများကို Power Point Projector ဖြင့် ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် အခမ်းအနား တက်ရောက်လာသူ ဌာနဆိုင်ရာများ၊ ကော်မတီဝင်များနှင့် လယ်ယာမြေ ပိုင်ရှင်များက အဆင့်မြင့်ဈေး တည်ဆောက်ရန်အတွက် လျာထားဆောင်ရွက်ချက်များ၊ အကြံပြုချက် များ အသီးသီးဆွေးနွေးဆောင်ရွက်သည်။

 

ရိခေါ်ဒါရ်မြို့ အဆင့်မြင့်ဈေး တည်ဆောက်နိုင်ရန်အတွက် ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက် နှစ်ခုထိစပ်သည့်နေရာအနီးရှိ လယ်မြေ ၃.၂၇ ဧက အား လယ်ယာမြေပိုင်ရှင်များထံ မြို့စည်ပင်သာယာရေး အဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီမှ ဝယ်ယူနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ရန်နှင့် အဆိုပါ လယ်မြေများအား အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိရန် လုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

 

လာလ်ပက်လောမ် (ပက်ကာ)