ရိခေါ်ဒါရ် ၂၀ ဧပြီ

 

ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကြောင့် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရပ်ကွက်ပြည်သူများသည် မလိုအပ်ဘဲ နေအိမ်အပြင်သို့ ထွက်ခွာသွားခြင်းမပြုဘဲ မိမိတို့နေအိမ်၌သာ နေထိုင်ကြသည်မှာ တစ်လခန့်ရှိလာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် နေချိန်တွင် ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရေးအတွက် ရိခေါ်ဒါရ်မြို့ အမှတ်(၂) ရပ်ကွက်နေ စေတနာအလှူရှင် ဒေါ်ပြေအေး (ရိရွှေပြည် ဧည့်ရိပ်မွန်မိသားစု)မှ အခြေခံစားသုံးကုန် ပစ္စည်း ငါးမျိုးကို ရပ်ကွက်ပြည်သူများထံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

စေတနာအလှူရှင်၏ လှူဒါန်းပေးသည့် အခြေခံစားသုံးကုန် ငါးမျိုးဖြစ်သည့် ငါးတင်းဗူး၊ ပြောင်းဖူးကော်ဖီထုပ်၊ ကြာဇံထုပ်နှင့် မုန့်မျိုးစုံများကို ရပ်ကွက်အတွင်းရှိ စားနပ်ရိက္ခာခက်ခဲ သည့် မိသားစုများ၊ သက်ကြီးရွယ်အိုဘိုးဘွားများနှင့် ကလေးငယ်များထံသို့ ရပ်ကွက်လူငယ်အဖွဲ့ တို့က ဧပြီ ၁၉ ရက်က အိမ်တိုင်ရာရောက် တာဝန်ယူဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

“ကျွန်မတို့မိသားစုအနေနဲ့ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုဖြစ်ပွားနေချိန်မှာ ယခုလိုစေတနာ အလှူရှင်မိသားစုက စားသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင် မိပါတယ်။ စားသုံးကုန်များ လှည့်လည်ဖြန့်ဝေခြင်း တာဝန်ယူဆောင်ရွက်ပေးတဲ့ ရပ်ကွက်လူငယ် ပရဟိတအဖွဲ့များကိုလည်း ကျေးဇူးတင်မဆုံးဖြစ်မိပါတယ်။ အလှူရှင်မိသားစုနဲ့ ရပ်ကွက် လူငယ်များ ကောင်းကြီးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။” ဟု ရပ်ကွက်ပြည်သူတစ်ဦးက ပြောသည်။

 

ရိခေါ်ဒါရ်မြို့၌ နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသုံးကုန်ပစ္စည်း ငါးမျိုးကို ရပ်ကွက် ပြည်သူအိမ်ထောင်စု ၂၂၀ စုထံသို့ ဧပြီ ၁၆ ရက်က ဖြန့်ဝေပေးခဲ့ပါကြောင်း၊ ပြည်သူများ စားနပ် ရိက္ခာပြတ်လပ်မှုမရှိစေရေးအတွက် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီး ရေးကော်မတီနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်းပြီး ကြိုတင်စီမံဆောင်ရွက်ထားရှိပြီး ဆန်အိတ် ၁၀ဝ၀ ကျော်၊ ပဲနီ၊ ဆီ၊ ဆားနှင့် အခြားစားသုံးကုန်ပစ္စည်းများ စုဆောင်းသိုလှောင်ထားရှိပြီး ပြည်သူများ ဈေးနှုန်းချိုသာစွာ အလွယ်တကူဝယ်ယူနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

 

ပက်ကာ (ပြန်/ဆက်)