ရိခေါဒါရ်မြို့နေ ပြည်သူများ ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်တော့မည်

နေပြည်တော် ၁၅ ဇန်နဝါရီ

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်းမှာ ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် တည်ဆောက်လျက် ရှိသည့် ဓာတ်အားလိုင်းများ အားလုံး ပြီးစီးသွားပါက ချင်းပြည်နယ် ရိခေါဒါရ်မြို့ရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် နှစ်ခုစလုံးကို လက်ရှိ ဒီဇယ်စက် (၃)လုံးနှင့် ဆက်လက် ဓာတ်အား ဖြန့်ဖြူးပေးသွားမှာ ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ဖလမ်းမဲဆန္ဒနယ်မှ ဒေါက်တာ ဆလိုင်းရီယန်းဗဲလ် မေးမြန်းတဲ့ ဖလမ်းမြို့နယ်ရှိ ရိခေါဒါရ်မြို့တွင် နေထိုင်တဲ့ ပြည်သူများအား ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်ရန် ၅၀ဝ KVA မီးစက်(၁)လုံး သို့မဟုတ် ၁၂၅၀ KVA မီးစက် (၁)လုံး ချထားပေးပါရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားခြင်း ဖြစ်ပါတယ်။

 

ရိခေါဒါရ်မြို့ရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် နှစ်ခုစလုံး၏ သုံးစွဲလာမည့် လျှပ်စစ်ပမာဏကို ခန့်မှန်းတွက်ချက်တဲ့ အခါမှာ ကီလိုဝပ် ၅၀ဝ ခန့်သာ ရှိတဲ့အတွက် လက်ရှိ စက်တပ်ဆင် အင်အားများနဲ့ နိုင်နင်းကြောင်း သုံးသပ်တွေ့ရှိရတယ်လို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

 

လက်ရှိ ရိခေါဒါရ်မြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ 25 KVA ဒီဇယ်မီးစက်တစ်လုံး၊ 150 KVA ဒီဇယ်မီးစက်တစ်လုံးနှင့် 500 KVA ဒီဇယ်မီးစက်တစ်လုံး (၃)လုံးတပ်ဆင်ကာ စုစုပေါင်း စက်တပ်ဆင် အင်အားမှာ ၆၇၅ KVA ရှိတယ်လို့ သိရပါတယ်။

 

မျိုးထက်ဦး(MDN)