ရိခေါ်ဒါရ်  ၁၅   ဧပြီ   

 

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ရပ်ကွက်ပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေ ရေးအတွက် ပြည်တွင်းပြည်ပ၊ အနယ်နယ်အရပ်ရပ်မှ စေတနာအလှူရှင်များက ဆန်နှင့်အတူ အခြားစားသုံးကုန်ပစ္စည်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက် လှူဒါန်းပေးခဲ့ရာ ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက် လူငယ်များ ပူးပေါင်းသည့် Temporary Relief Committee မှ လှူဒါန်းရရှိမှုများ ထိန်းသိမ်းခြင်းနှင့် ပြည်သူများထံ ဖြန့်ဝေခြင်းလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရိခေါ်ဒါရ်မြို့ ရပ်ကွက်ပြည်သူများအတွက် စေတနာအလှူရှင်များမှ ဧပြီလ ဒုတိယပတ်အထိ လှူဒါန်း ရရှိမှုမှာ ဆန် ၇၈ အိတ်၊ အခြားစားသုံးကုန်ပစ္စည်းများနှင့် အလှူငွေ ၂၃ သိန်းကျော် လက်ခံရရှိပြီး ရပ်ကွက်အတွင်း စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စုများထံ စနစ်တကျ ဖြန့်ဝေပေးထားကြောင်း သိရသည်။

 

 “ကျွန်တော်တို့ Temporary Relief Committee အနေနဲ့ အနယ်နယ်အရပ်ရပ်က လာရောက် လှူဒါန်းတဲ့ ပစ္စည်းများ လက်ခံထိန်းသိမ်းထားရှိဖို့ ရုံးခန်းသီးသန့်ဖွင့်လှစ်ပြီးတော့ နေ့စဉ်တာဝန်ချထား ပါတယ်။ လှူဒါန်းမှုအနေနဲ့ အဓိက ဆန်အိတ်လှူဒါန်းလက်ခံတာများတယ်။ ဆန်အိတ်တွေအပြင် အခြားစားသုံးကုန်များ၊ ရောဂါကာကွယ်ရေးလုပ်ငန်းသုံးဖြစ်တဲ့ Hand Gel၊ Surgery Mask နဲ့ အခြားလုပ်ငန်းသုံး ပစ္စည်းများ၊ အလှူငွေများ လာရောက်လှူဒါန်းပေးကြပါ တယ်။ ငွေသားနဲ့ လက်ခံရရှိတဲ့ အလှူငွေတွေနဲ့ ကော်မတီက ဆန်အိတ် (၆၀) ဝယ်ထားပါတယ်။ ရပ်ကွက်အတွင်း စားဝတ်နေရေးခက်ခဲတဲ့ မိသားစုတွေကို ဆန်အိတ်တွေကို ခွဲတမ်းစနစ်ဖြင့် မျှမျှတတနဲ့ စနစ်တကျ ဖြန့်ဝေပေးထားပါတယ်။ဟု Temporary Relief Committee ဥက္ကဌ ဦးအောင်ခွီရှိန်းက ပြောသည်။

 

 

ထို့အပြင် ရိခေါ်ဒါရ်မြို့ ရပ်ကွက်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေးအတွက် ရိခေါ်ဒါရ် မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရိဒေသဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း (HLDO)၊ ရပ်ကွက်လူငယ်များ၊ ဆန်အရောင်းဆိုင်များ ပူးပေါင်းပြီး ဆန်နှင့် အခြားစားသုံးကုန် ပစ္စည်းများ ကြိုတင်စုဆောင်းသိုလှောင်ခြင်းနှင့် ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် အလေးထားဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ပက်ကာ (ပြန်/ဆက်)