ရိခေါ်ဒါရ်      ၆     ဧပြီ    

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသားလူငယ် ငါးဦးတို့သည် ဧပြီ ၅ ရက်၌ ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ Community Based Facility Quarantine စောင့်ကြည့်ခြင်း ခံယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်ပမှပြန်လာသူ လူငယ်ငါးဦးတို့သည် မြို့ရှာဖွေရေးနှင့်စစ်ဆေးရေးအဖွဲ့ ဥက္ကဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်လူငယ်အဖွဲ့တို့မှ မြို့အဝင်၌ စောင့်ဆိုင်းပြီး ကျန်းမာရေးအခြေအနေများ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လူငယ်ငါးဦးတို့သည် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၌ နေထိုင်သူများဖြစ်ကြပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်ပြီး အထကခွဲကျောင်း၌ ၁၄ ရက်ကြာ Community Based Facility Quarantine စောင့်ကြည့်ခြင်း ခံယူဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ကြည့်ခြင်းခံယူသူ လူငယ်ငါးဦးတို့၏ နေထိုင်စားသောက်ရေးကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်လူငယ်များနှင့် ၎င်းတို့၏ မိသားစုများပူးပေါင်း၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်လူငယ်များ ပူးပေါင်းပြီး မြို့အဝင်အထွက်နေရာများ၌ လူဝင်ထွက်သွားလာမှုအား နေ့စဉ်စောင့်ကြပ် စစ်ဆေးမှုများ ပြလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများရှိပါက  Community Based Facility Quarantine စောင့်ကြည့်ခြင်းဆောင်ရွက်နိုင်ရေးအတွက် တိုက်နယ်ဆေးရုံ၊ အထကကျောင်းနှင့် အထကခွဲကျောင်း စသည့် သုံးနေရာ၌ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ပက်ကာ (ပြန်/ဆက်)