နေပြည်တော် ၁၉ ဇွန်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ရိက္ခာ၊ ဆက်ကြေးတာဝန်ခံတစ်ဦး လှုပ်ရှားနေကြောင်း သတင်းအရ ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ချက်ပေါက်ကျေးရွာရှိ ဦးကျော်တင်အောင် ၏နေအိမ်အား ကျေးရွာမှ ရပ်မိရပ်ဖများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ရှိ ကွပ်ပျစ်ပေါ်တွင် အနက်ရောင် ပလက်စတစ်အိတ်ဖြင့်ထုတ်ပိုးထားသည့် တရုတ်လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိသူအား စစ်ဆေးချက်အရ ၂၀၁၈ ခုနှစ်၊ မတ်လတွင် မအီမြို့၌ နေထိုင်သူ ဦးမောင်ကေးသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင် ၄ ဦးနှင့်အတူ ကျေးရွာသို့ ရောက်ရှိလာသဖြင့် ကျေးရွာအတွင်း ငွေကြေးနှင့်ဆန်များ ကောက်ခံပေးခဲ့ကြောင်း၊ ၎င်းအား ချက်ပေါက် ကျေးရွာ၊ တောင်ကြီးကျေးရွာနှင့် ခမောင်းတင်ကျေးရွာများမှ ငွေကြေးနှင့်ဆန်များ ကောက်ခံရန် တာဝန်ပေးအပ်ခဲ့ပြီး မအီဘက်သို့ ပြန်လည် ထွက်ခွာသွားကြောင်း၊ ၎င်းအနေဖြင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထံသို့ ၂၀၁၉ ခုနှစ်အထိ တစ်နှစ်လျှင် ၃ ကြိမ်ခန့် ငွေနှင့်ဆန်များကောက်ခံပေးရကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက် နံနက် ၁၁ နာရီခန့်တွင် ကျေးရွာသို့ အရပ်ဝတ်များဖြင့် လူစိမ်း ၂၀ ရောက်ရှိ လာပြီး ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မအီဘက်သို့ ပြန်လည်ထွက်ခွာ သွားခဲ့ ကြောင်း၊ ၎င်းတို့အဖွဲ့ထဲမှ အဖွဲ့ဝင် ၁ ဦးသည် ချက်ပေါက်ကျေးရွာမှ ကျော်လွင်ဆိုသူ၏ နေအိမ်တွင် ညအိပ်ကျန်ခဲ့ပြီး နောက်တစ်နေ့တွင် မအီဘက်သို့ ကျော်လွင်မှ ဆိုင်ကယ်ဖြင့် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျော်လွင်သည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင် ၁ ဦးဖြစ်ပြီး ယခင်ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်ကာ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထံသို့ ထောက်ပံ့မှုများရှိခဲ့ကြောင်း၊ ယခုအခါ ပရိဘောဂလုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြောင်း။
အထက်ပါသိမ်းဆည်းရမိသော လက်ပစ်ဗုံးမှာ ကျော်လွင်၏ လက်ပစ်ဗုံးဖြစ်ပြီး တပ်မတော်စစ် ကြောင်းများ ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရမည်ကို ကြောက်လန့်၍ ကျော်တင်အောင်၏ နေအိမ်တွင် လာရောက်သိုဝှက်ထားခြင်းဖြစ်ကြောင်း။
အဆိုပါဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံ ၁ ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(သတင်းစဉ်)


