ရေတာရှည် ၂၇ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရိုးမအထက်သိုင်းနယ်၊ သာဂရ-ကိုးပင် ရိုးမ ဖြတ်ကျော်ကားလမ်း မိုင်တိုင် ၃၂ အုတ်ဖိုကျေးရွာ အနောက်ဘက်မှ လမ်းယာဘက် အတွင်းသို့ သုံးမိုင်ခန့် တောင်ဆင်းတောင်တက်လမ်းအတိုင်း သွားရောက်ရသည့် ကံပဲ့ပြင်ကျေးရွာတောင်ဘက် ကံပဲ့ပြင်-ကသစ်တန်းရွာသွား တောလမ်းဘေးတွင်ရှိသည့် ပျူသင်္ချိုင်းအား လွန်ခဲ့သော နှစ်များစွာကတည်းက အနယ်နယ်အရပ်ရပ်မှ လာရောက်တူးဖော်သူများကြောင့် မြေကျင်းများကို တွေ့ရှိရပြီး ယခုနောက်ပိုင်း ဒေသခံရွာလူထုက လက်ခံခြင်းမရှိတော့သဖြင့် လာရောက်ခြင်းမရှိတော့ကြောင်း ကံပဲ့ပြင်ကျေးရွာ ရာအိမ်မှူး ဦးမောင်အေးက ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ပြောသည်။

 

တဲများထိုးကာတူးဖော်ကြ

 

“ကျွန်တော်တို့ကလည်း တောသူတောင်သားတွေဆိုတော့ ဗဟုသုတနည်းပါးတာ လည်းပါတယ်။ အခု ပျူသင်္ချိုင်းနေရာက ဟိုပစ္စည်းတွေ့တယ်၊ ဒီပစ္စည်းတွေ့တယ်ဆိုပြီး သတင်းတွေထွက်လာတာ လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ကစတာ။ အဲဒီကစပြီး သတင်းတွေပျံ့သွားတော့ နယ်စုံကလူတွေ လာတူးကြတာ ယောကျာ်းရော၊ မိန်းမတွေရော။ အဲဒီနေရာမှာကို တဲတွေထိုးပြီးတူးကြတာ။ ရတဲ့သူတွေလည်း များတယ်။ မတွေ့တဲ့သူလည်း မတွေ့ဘူး။ ဒါဟာ သမိုင်းဝင်ဖြစ်တယ်။ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ အများကြီးနောက်ကျသွားလို့ ဝမ်းနည်းရပါတယ်။ ခုတော့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးတော့ဘူး” ဟု ၎င်းကပင် ဆက်လက် ပြောကြားသည်။

 

အဆိုပါ ပျူသင်္ချိုင်းနေရာ တောင်ကုန်းမှာ နှစ်နေရာဖြစ်သော်လည်း အရှေ့ဘက် တောင်ကုန်းမှာ တူးဆွမှု နည်းပါးသည်ကို တွေ့ရှိရပြီး တူးဆွထားသော မြေကျင်းကြီးများ၊ အမွှေးတိုင်ထွန်းညှိထားသော နေရာများမှာ ယခုတိုင် တွေ့မြင်နေရဆဲဖြစ်သည်။ ထိုသို့ ပျူသင်္ချိုင်းတူးဖော်စဉ်က လာရောက်တူးဖော်သူများနှင့် ရင်းနှီးခဲ့သော ကံပဲ့ပြင်ရွာရှိ ဦးမြဟန်က “ဒီကို လာတူးတဲ့သူတွေက နေပြည်တော် လယ်ဝေးနယ်ဘက်က လူတွေ။ အတွေ့အကြုံအများကြီးရှိတယ်။ လယ်ဝေးမြို့နယ်ထဲက သပုပ္ပင်ရွာဘက်မှာ အများကြီး တူးခဲ့ဖူးတယ်။ တောင်ကုန်းပေါ် ရောက်တာနဲ့ မြေကြီးအနေအထားက ကြည့်ပြီး ဒီနေရာမှာ ရှိတယ် မရှိဘူး တန်းသိတာ။ သူတို့အပြောအရဆို မြေကျင်းထဲမှာ အရိုးအိုးတွေမြှုပ်ထားတဲ့နေရာဆို အနံ့အသက်ရတယ်ဆိုရင် သေချာပေါက်ရှိတယ်။ အမွှေးတိုင်တွေထွန်းပြီး တတ်သလောက် မှတ်သလောက် တောင်းပန်ပြောဆိုပြီး တူးတာပဲ။ လူတစ်ကိုယ်စာကျင်းဆို ဦးခေါင်းပိုင်းနဲ့ လက်နေရာတွေကို တူးတာ။ နားတောင်း၊ ဆွဲပုတီး၊ လက်ပတ်ပုတီး ဒါတွေ တွေ့တယ်။ နောက်အရုပ်မျိုးစုံတွေ့တယ်။ နောက်တစ်ခုက ပျူစစ်သည်တွေနေမှာပေါ့ဗျာ။ အဲဒီလို ကျင်းမျိုးတွေကျတော့ အတန်းလိုက်မြှုပ်တတ်တယ်။ ဓား၊ လှံ ပုံသဏ္ဌာန်မျိုးစုံပါတယ်။ ကျန်တာ ဘာမှမတွေ့ရဘူး။ ပျူသင်္ချိုင်းတွေမှာ တွေ့ရလေ့ရှိတာက ထပ်လောင်း၊ စကြာ၊ တန်းပြေးဆိုတာ ရှိတယ်။ ထပ်လောင်းဆိုတာက သေဆုံးသူအရိုးအိုးတွေကို ထပ်ပြီးမြှုပ်ထားတာ၊ စကြာဆိုတာက အရိုးအိုးတွေကို အဝိုင်းလိုက်မြှုပ်တာ၊ တန်းပြေးဆိုတာကတော့ ခုနပြောသလိုပေါ့ အတန်းလိုက်မြှုပ်ထားတာကိုပြောတာ။ ဒီပျူသင်္ချိုင်းမှာ အဲဒါတေ အကုန်တွေ့တယ်” ဟု ဦးမြဟန်က ရှင်းပြပြီး ၎င်းထံတွင်ရှိသည့် ပျူခေတ်သုံး ကျောက်ဖြင့်ပြုလုပ်ထားသော အသုံးအဆောင်အချို့ကို ပြသသည်။

 

“အရုပ်တွေထဲမှာဆို ဖရဲကြားဆို တကယ့်ဖရဲသီးလိုမျိုး၊ ခရမ်းချဉ်သီးဆိုလည်း အတူတူပဲ အရုပ်တွေကတော့ စုံနေအောင်တွေ့တယ်။ မျက်လုံးအနက်ကြား၊ ဆေးကြားပြောင်တောင့်တွေဆို အရည်အသွေးကောင်းရင်ကောင်းသလို ဈေးကောင်းရတယ်လို့ သိရတယ်” ဟု ဦးမြဟန်ကပင် ဆက်လက်ပြောသည်။

 

တောများဖုံးလွှမ်း

 

မြန်မာနိုင်ငံသမိုင်းတွင် ပျူလူမျိုးတို့ ပျံ့နှံ့နေထိုင်လာခဲ့သည့် သမိုင်းများရှိခဲ့သည့်အလျောက် ကံပဲ့ပြင်ရွာ ပျူသင်္ချိုင်းတောင်ကုန်း၏ အနောက်မြောက်ဘက် တစ်မိုင်ကျော်ကျော်ခန့်ဝေးသော ပျူတို့နေထိုင်ခဲ့သော ရွာကြီးအဖြစ် တည်ရှိခဲ့သည့် ရှေးဟောင်းဘုရားရှိရာသို့ ရိုးမဖြတ်ကျော် ကားလမ်း မိုင်တိုင် ၃၅ မှတစ်ဆင့် တောင်ဘက်သို့ တစ်မိုင်ကျော်ကျော် တောလမ်းအတိုင်း ဆက်သွားလျှင် ဘုရားကုန်းကျေးရွာကို တွေ့ရှိရပြီး အဆိုပါ ရွာလယ်ချောင်းငယ်အတိုင်း အထက်သို့ ဆက်လက်၍ တစ်မိုင်ခန့် တောတွင်းသို့ ဆက်လက်သွားရောက်ပါက တောများဖုံးလွှမ်းလျက်ရှိသည့် ဘုရားတည်ရှိခဲ့ရာနေရာကို ရောက်ရှိနိုင်မည် ဖြစ်သည်။
ရှေးဟောင်းစေတီမှာ မူလပုံသ္ဌာန်မတွေ့ရှိတော့ဘဲ နှောင်းလူများက ပြုပြင်ရန် အစပျိုးခဲ့ပြီး တစ်ဝက်တစ်ပျက်သာ ပြုလုပ်ရသေးကာ ဆက်လက်မတည်နိုင်တော့သည့် အတွက် တောအတိ ဖုံးလွှမ်းပျောက်ကွယ်နေခြင်း ဖြစ်သည်။ မူလစေတီကို ပြန်လည်ပြုပြင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်အတွက် လက်ရှိအတိုင်းသာ ရပ်ထားရခြင်းဖြစ်ကြောင်း အုတ်ဖိုအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးဆွေက ရှင်းပြသည်။

 

အထက်သိုင်းနယ်တစ်ခွင် ယခုကဲ့သို့ ပျူတို့အခြေချနေထိုင်ခဲ့သော နေရာများစွာရှိ နေသေးပြီး ခေတ်သစ်သိုက်တူးသူများ၏ အန္တရာယ်ကြောင့် ဖော်ပြနိုင်ခြင်းမရှိသေးသော်လည်း တာဝန်ရှိသူများနှင့် ဒေသခံများက တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်နေရာများကို အကာအကွယ်များ ထိရောက်စွာ ပေးသင့်ကြောင်း သုံးသပ်ပြောကြားမှုများလည်း ရှိနေသည်။

 

သန်းလွင်