ရိုးမားအသင်းကို နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင်ယူပြီး ဆိုးလ်ရှားလက်ထက် ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည့် မန်ယူ

၈ မေ

 

ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ် အဖြစ် မေ ၇ ရက် နံနက်ပိုင်းက ရိုးမားအသင်းနှင့် မန်ယူအသင်း တို့ပွဲစဉ်ကို ရိုးမားအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက သုံးဂိုး- နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ရှစ်ဂိုး-ငါးဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

 

မန်ယူအသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်းမှာ နည်းပြဆိုးလ်ရှားလက်ထက် ပထမဆုံးအကြိမ် ဖြစ်သည်။ မန်ယူအသင်း သည် ဆိုးလ်ရှားလက်ထက်တွင် ယခင်က ဆီမီးဖိုင်နယ်သို့ လေးကြိမ် တက်ရောက်နိုင်ခဲ့ပြီး လေးကြိမ်စလုံး ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

 

ပွဲစသည်နှင့်တစ်ပြိုင်နက် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ဦးဆောင်ဂိုးကို မန်ယူအသင်းက ပွဲချိန် ၃၉ မိနစ်တွင် ဖရက်ဒ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ကာဗာနီက သွင်းယူပေးခဲ့သည်။ ရိုးမားအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၅၇ မိနစ်တွင် ရရှိခဲ့ပြီး ဒီဇီကိုကသွင်းယူပေးခဲ့သည်။ ပွဲချိန် မိနစ် ၆၀ တွင် ရိုးမားအသင်း ဒုတိယဂိုး ရရှိခဲ့ပြီး ခရစ္စတန်တီက သွင်းယူပေးခဲ့သည်။ မန်ယူအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၆၈ မိနစ်တွင် ဖာနန်ဒက်ဇ်၏ဖန်တီးပေးမှုမှတစ်ဆင့် ကာဗာနီကပင် သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန် ၈၃ မိနစ်တွင် မန်ယူ အသင်းမှတ်လပ်စ် ကိုယ့်ဂိုးကိုယ်သွင်းယူမိသလိုဖြစ်ခဲ့၍ ရိုးမားအသင်း တတိယဂိုး ရရှိခဲ့သည်။ ထို့နောက် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ရိုးမားအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

 

အခြားသော ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲတွင် အာဆင်နယ် နှင့် ဗီလာရီးရဲအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့သောကြောင့် နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးဖြင့် ဗီလာရီးရဲအသင်း ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

 

ယူရိုပါလိဂ်ဗိုလ်လုပွဲကို မန်ယူအသင်းနှင့် ဗီလာရီးရဲအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မေ ၂၆ ရက်တွင် ပိုလန်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။

 

အောင်ဇော်