ဘူချာရက်စ် ၁၅ နိုဝင်ဘာ

နိုဝင်ဘာ ၁၄ ရက် နှောင်းပိုင်းက ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ဘက်မှာရှိတဲ့ ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆေးဝါးကုသမှုခံယူနေကြတဲ့ ကိုဗစ်-၁၉ ရောဂါလူနာ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ရိုမေးနီးယားကျန်းမာရေးဝန်ကြီး နေလူတာရာရူက ဒီနေ့အတည်ပြု ပြောကြားပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်-၁၉ ရောဂါ လူနာတွေအနက် ရှစ်ဦးဟာ မီးလောင်မှုကြောင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးဟာ မီးလောင်မှုမှ ထွက်ပေါ်လာတဲ့ မီးခိုးတွေကြောင့် အသက်ရှူလမ်းကြောင်းပိတ်ကာ အရေးပေါ်ဌာနမှာပဲ နောက်မှသေဆုံးသွားတာပါ။

မီးလောင်မှုဖြစ်ပွားစဉ် ဆေးရုံအရေးပေါ်လူနာဆောင်နှစ်ခုမှာ ကိုဗစ်-၁၉ ရောဂါ လူနာ ၁၆ ဦးရှိပြီး ၎င်းတို့အနက် တာဝန်ကျဆရာဝန်တစ်ဦးအပါအဝင် ခုနစ်ဦးဟာ အရေးပေါ်အနေအထားမှာ ရှိကြတယ်လို့ အရေးပေါ်အခြေအနေဆိုင်ရာ စစ်ဆေးရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အီရီနာပိုပါက ပြောပါတယ်။

မီးလောင်မှုမှ ကယ်တင်နိုင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါလူနာတွေကို ဆေးဝါးကုသမှုခံယူဖို့ အိမ်နီးချင်း လာစီခရိုင်ရှိ ဆေးရုံများသို့ ပို့ဆောင်ထားပြီး တာဝန်ကျဆရာဝန်ကိုတော့ မြို့တော်ဘူချာရက်ရှိ ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

၂၀၁၀ ပြည့်နှစ်က မြို့တော်ဘူချာရက်စ်ရှိ အမျိုးသမီးဆေးရုံမှာ အလားတူ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး မွေးကင်းစကလေးခြောက်ဦး သေဆုံးကာ အများအပြား ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုအကြောင်းရင်းကို လက်ရှိအချိန်အထိ အသေးစိတ်မသိရသေးကြောင်း ဆေးရုံညွှန်ကြားရေးမှူး လူဆီယံ မီကျူက ဒေသဆိုင်ရာ မီဒီယာတွေကို ပြောကြားပါတယ်။

ရိုမေးနီးယားအစိုးရဟာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ဖို့ နိုဝင်ဘာ ၉ ရက်မှစပြီး တစ်လကြာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လက်ရှိအချိန်အထိ ရိုမေးနီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၅၃၁၈၅ ဦးရှိလာပြီး ၎င်းတို့အနက် လူနာ ၈၈၁၃ ဦးဟာ အဆိုပါရောဂါကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ